နှစ်သက်တမ်းပေါင်း ၃ သန်းကျော်ရှိ လူသား အရိုးစု ထုတ်ဖော်ပြသ

နှစ်သက်တမ်းပေါင်း ၃ သန်းကျော်ရှိ လူသား အရိုးစု ထုတ်ဖော်ပြသ

 

ဒီဇင်ဘာ ၉ ။                  ။ နှစ်ပေါင်း သန်းနဲ့ချီ ရှိပြီဖြစ်တဲ့ ကမ္ဘာ့ရှေးအကျဆုံး လူသား အရိုးစု တစ်စုကို တောင်အာဖရိကနိုင်ငံမှာ တွေ့ရှိထားခဲ့ပြီး ယခုအခါ အများပြည်သူတွေ ကြည့်ရှုလို့ရအောင်လို့ Johannesburg မြို့မှာ ပထမဆုံးအကြိမ် ခင်းကျင်း ပြသထားတယ်လို့ သိရပါတယ်။

နှစ်သက်တမ်းပေါင်း ၃ ဒသမ ၆၇ သန်းလောက် ရှိပြီလို့ ခန်မှန်းရတဲ့ ယင်း ရှေးကျတဲ့ လူသား အရိုးစုကို တူးဖော် သန့်ရှင်းပြီး နေရာတကျ စုစည်းဖို့အတွက် ပညာရှင်တွေအနေနဲ့ နှစ်ပေါင်း ၂၀ လောက် အချိန်ယူ လုပ်ဆောင်ခဲ့ရပါတယ်။

အရိုးစုရဲ့ သေးငယ်တဲ့ ခြေထောက်ရိုးတွေကို ပထမဆုံး စတင်တွေ့ရှိခဲဲ့့အတွက်ကြောင့်လည်း ယင်းကို "Little Foot" လို့ ခေါ်ဆိုထားပါတယ်။ ယင်းကတော့ တွေ့ရှိထားခဲ့သမျှ   ရှေ့ခေတ်လူသား အရိုးစုတွေထဲမှာ သက်တမ်းအကြာဆုံးနဲ့ အပြည့်စုံသော အရိုးစုဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်း ရဲ့ သက်တမ်းအတိအကျနဲ့ပတ်သက်လို့ ထင်မြင်ချက် အမျိုးမျိုး ရှိခဲ့ပေမယ့် တောင်အာဖရိက သိပ္ပံပညာရှင်တွေကတော့ ယင်းရဲ့ သက်တမ်းကို နှစ်ပေါင်း ၃ ဒသမ ၆၇ သန်းဆိုပြီး ပြောထားပါတယ်။

ယင်းအတွက်ကြောင့် "Little Foot" အရိုးစုဟာ အီသီရိုးပီးယားမှာ တွေ့ရှိခဲ့တဲ့ ရှေ့ဟောင်း လူသားမျိုးနွယ် အရိုးစုတစ်စုဖြစ်တဲ့ Lucy ထက်တောင် နှစ်သက်တမ်းပေါင်း ၅၀၀,၀၀၀ ပိုစောနေတယ်လို့ သိရပါတယ်။

ယခု အရိုးစုကို တွေ့ရှိမှုနဲ့အတူ မျက်မှောက်ခေတ်လူသားတို့ရဲ့ ရှေ့ခေတ် ဘိုးဘေးဘီဘင်တွေဟာ အာဖရိကဒေသ မှာ စတင်ပြန့်နှံ့နေထိုင်ခဲ့တာကို ပြသနေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါတယ်။

"Little Foot" အရိုးစုကိုတော့ တောင်အာဖရိကနိုင်ငံ Johannesburg မြို့ အနောက်မြောက်ဘက် Sterkfontein ဂူထဲမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly