ဒီဇင်ဘာလ ၉။ ။ မြန်မာနိုင်ငံ၏ ဖွံံ့ဖြိုးတိုးတက်မှုကို ယခု ၂ နှစ်ကို မကြည့်ဘဲ လာမည့် ၂၀၃၀ သို့ ဦးတည်မျှော်မှန်းထားသည်ဟု စီးပွားရေးအကြံပေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ယနေ့ ဒီဇင်ဘာလ ၉ ရက် တွင် ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၉ ရက်၊ UMFCCI တွင် ပြုလုပ်သော ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ တွင် ပြောခဲ့ခြင်း ဖြစ်သည်။
“ အခု ဖြစ်နေတာက ဝေဖန်တာတွေ သိပ်များနေတယ်။ ၂ နှစ်ရှိပြီ ဘာမှ မဖြစ်သေးဘူးလို့ ပြောတယ်။ ၂ နှစ်အတွင်း ဘာမှ ဖြစ်ဖို့ သိပ်မျှော်လင့်လို့ မရဘူး။ အခြေခံတွေ ပြန်လုပ်နေရတာတွေ ရှိတယ်။ ဒါပေမယ့် ၂ နှစ်ကို မစဉ်းစားဘဲနဲ့ အနှစ် ၃၀ ကို စဉ်းစားရင် အခြေအနေတစ်ခု ရမယ်နော်။ ဒါကြောင့်မို့ ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေ အားလုံး ၂၀၃၀ ထိ အင်မတန်အရေးကြီးပါတယ် ကျွန်တော်တို့နိုင်ငံအတွက်။ ၂၀၃၀ ကို မမေ့ပါနဲ့။ ၂၀၃၀ အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတွေရဲ့ ပြည့်မီတဲ့နှစ် ဖြစ်ပါတယ်။ ဆရာတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၃၀ ကို ဦးတည်ထားတာ ဖြစ်ပါတယ်” ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
အဆိုပါ ညီလာခံတွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို တွန်းတင်နိုင်မယ့် အဓိက လုပ်ငန်းလိုအပ်ချက် (၃) ရပ်ဖြစ်သော အသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းများ အားကောင်းခိုင်မာရေး၊ ဆက်သွယ်ပေါင်းစည်းမှုများ ဖွံ့ဖြိုးတိုးတက်ရေးများကို Breakout Session များ ခွဲကာ ဆွေးနွေးကြမည်ဖြစ်ပြီး မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ဖြစ်သည်။
အဆိုပါ အကြံပြုချက်များကို စုစည်းကာ ဒေါက်တာဦးမြင့်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဇော်ဦး တို့က စီးပွားရေးပညာရှင်များနှင့် အနှစ်ချုပ်ဆွေးနွေးေနေသည်။
“ ဒါကြောင့်မို့ အနာဂတ်ကို လှပအောင်မက်ဖို့ လိုသလို နောက်တစ်ခုပြောချင်တာက အနာဂတ်ကို ၀င်တာ မဟုတ်ဘူး ။ ကိုယ်ဖန်တီးတာ” ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောခဲ့သည်။
ဒေါက်တာအောင်ထွန်းသက်က ကိုယ့်အနာဂတ်ကို ဖန်တီးရန် တိုက်တွန်းပြောကြားခဲ့ပြီး သူများဖန်တီးပေးသော အနာဂတ် မလုပ်ရန် တိုက်တွန်းခဲ့သေးသည်။