ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ လွှတ်တော်အပေါ်မှာ လွှမ်းမိုးမှု ရှိနေသလား

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ လွှတ်တော်အပေါ်မှာ လွှမ်းမိုးမှု ရှိနေသလား

 

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။                ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုတွေကို အကောင်အထည် ဖော်ရာမှာ အားနည်းနေတယ်လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုပါတယ်။

"အဆိုအောင်မြင်တဲ့ဟာ ယာဉ်ကြောတွေ ကျပ်တာတော့ ထားတော့ ဒီ Control Center က ခေတ်မီ မီးပွိုင့် တပ်ဆင်လို့ ပြီးရင် အတိုင်းအတာတစ်ခုအထိ ယာဉ်ကြောကျပ်တည်းမှုကို လျော့ချနိုင်မယ်၊ ဒုစရိုက်မှုတွေ အတွက်လည်း ကောင်းမယ်။ အဲဒါကိုတောင် တွန်းအားပေးပြီး အောင်မြင်အောင် မလုပ်နိုင်သေး ဘူး။ အဆိုတွေကို အကောင်အထည်ဖော်မှု အပိုင်း မှာလည်း အားနည်းတယ်လို့ပဲ ပြောချင်ပါတယ်"

ပြည်ထောင်စုအဆင့် အစိုးရ တွေ လွှတ်တော်တွေပြီးရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်ဟာ တခြား ပြည်နယ် နဲ့ တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်တွေကြားထဲမှာ လူအများဆုံး စိတ်ဝင်စားခံခဲ့ရပါတယ်။ဒါအပြင် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွေကျင်းပလာတာ အခုဆိုရင် ငါးကြိမ်မြောက် ရှိနေပါပြီ။ လွှတ်တော်မှာ အတည်ပြုဖြစ်ခဲ့တဲ့ အဆိုတွေ ၊ မေးခွန်းတွေဟာ တတိယအကြိမ် အစည်းအဝေးပြီးဆုံးတဲ့အချိန်အထိ အဆို(၁၈) ခု တင်သွင်းခဲ့ပြီး (၁၁) ခု အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီလိုအတည်ပြုတဲ့ အဆိုတွေကို အစိုးရက အခုလက်ရှိအချိန်အထိ အကောင်အထည်မဖော်နိုင်သေးတာ တွေ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မဇ္စျိမကို ပြောပါတယ်။

"လွှတ်တော်က အခုဆိုရင် ပဥ္စမအကြိမ်ဖြစ်နေပြီ။ ဒုတိယအကြိမ်ကတည်းက အတည်ပြုခဲ့တဲ့ အဆိုတွေရှိတယ်။ အဲ့အဆိုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခြေအနေတွေကို ကိုယ်စားလှယ်တွေကလဲ အစ်မတို့ ကတိကဝတ် ကော်မတီကို တာဝန်ထပ်ပေးတယ်။ ကော်မတီကလည်း လေ့လာတယ်။အဲ့ဒီအခါကြတော့ တော်တော်များများက မလုပ်ရသေးတာ များတယ်။ မလုပ်ရသေးတာများတော့ အဲ့ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကော်မတီအနေနဲ့လည်း ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေရယ်၊ လွှတ်တော်မှာ ကတိပြုခဲ့တဲ့ဟာတွေကို သေချာကွင်းဆင်းပြီးတော့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ပြင်ဆင်နေပါတယ်" လို့ ဆိုပါတယ်။

တိုင်းဒေသကြီးအစိုးရဟာ စီမံကိန်းတွေလုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှုတွေ အားနည်းနေပြီး ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဇူလိုင်လအတွင်းမှာ ဆွေးနွေးဖို့ လွှတ်တော်မှာ ပြောဆိုခဲ့ပေမယ့် အခုလက်ရှိအချိန်အထိ ဆွေးနွေးခွင့် မရခဲ့ဘူးလို့ ဦးကျော်ဇေယျက ဆိုပါတယ်။

"စီမံကိန်းနဲ့ ပတ်သက်ပြီး ရ လပိုင်းမှာ လွှတ်တော် လာပြောတယ်။ အခု ၁၂ လပိုင်းထဲရောက်သွားပြီ။ ဒီနေ့အထိ ဒီဟာကြီးကို ဆွေးနွေးတာ ရော၊ ဘာရော ဘာမှမရှိသေးဘူး" လို့ သူက ဆိုပါတယ်။

ဒီလိုဝေဖန်မှုတွေရှိနေပေမယ့် အစိုးရဲ့ လွှတ်တော်အကြား နားလည်မှုတွေ ရှိလာပြီလို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မှတ်ချက်ပြုပါတယ်။

အစိုးရသစ်စတက်ကာစ အချိန်တုန်းက လွှတ်တော်နဲ့ အစိုးရအကြားမှာ ပွတ်တိုက်မှုတွေရှိနေခဲ့ပေမယ့် အခုလက်ရှိ အချိန်မှာတော့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရှိလာပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က "အစိုးရနဲ့ လွှတ်တော်က နည်းနည်းလေး တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ အဆင်မပြေမှုလေးတွေ ရှိတယ်။ အစိုးရဘက်ကလည်း လွှတ်တော်အပေါ်မှာ အမြင်မကြည်မှုလေးတွေရှိနေသလို လွှတ်တော်ဘက်ကလည်း အစိုးရအပေါ်မှာ အမြင်မကြည်တာတွေရှိတာပေါ့။ နောက်ပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် သိလာတယ်။ ဘာလုပ်ရမလဲဆိုတာ သိလာကြတယ်" လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly