စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး ဘဏ်ချေးငွေအားမကိုးရန်နှင့် လုပ်ငန်းရှင်ကြီးများက SME များသို့ ရှယ်ယာထည့်ရန် အတိုင်ပင်ခံတိုက်တွန်း

စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး ဘဏ်ချေးငွေအားမကိုးရန်နှင့် လုပ်ငန်းရှင်ကြီးများက SME များသို့ ရှယ်ယာထည့်ရန် အတိုင်ပင်ခံတိုက်တွန်း
နေပြည်တော်ရှိ မြန်မာစီးပွါးရေးဘဏ်အတွင်းရှိ ငွေများ ရေတွက်နေသည့်ပုံအားတွေ့ရစဉ်။ ဓာတ်ပုံ  - ဟောင်ဆာ( ရာမည)

နေပြည်တော် ဒီဇင်ဘာ ၉ ။               ။ စွန့်ဦးတီထွင်လုပ်ငန်းများနှင့်အသေးစားအလတ်စား SME လုပ်ငန်းများဖွံ့ဖြိုးလာနိုင်ရန်အတွက် ဘဏ်ချေးငွေ တစ်ခုတည်းကိုသာ အားကိုးမနေဘဲ အောင်မြင်ပြီး လုပ်ငန်းကြီးများအနေဖြင့် အလာအလာရှိသော လူငယ်စွန့်ဦးတီထွင်လုပ်ငန်းများ၊ SME လုပ်ငန်းများတွင် အစုရှယ်ယာထည့်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တိုက်တွန်းပြောကြားလိုက်သည်။

နေပြည်တော်တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ယနေ့ (ဒီဇင်ဘာ ၉ရက်)တွင် ဦးဆောင်ပြုလုပ်သည့် 2nd Myanmar Entrepreneurship summit 2017 တွင် တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံစီးပွားရေးတိုးတက်ရန်အတွက် SME လုပ်ငန်းဖွံ့ဖြိုးရေးက အရေးကြီးကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ရှုမြင်ထားကြသော်လည်း ဘဏ်များမှ အပေါင်ပစ္စည်းမဲ့ချေးငွေရရှိရေးသည် လူငယ် SME လုပ်ငန်းရှင်များ အတွက် အဓိကအခက်အခဲဖြစ်နေဆဲဖြစ်သည်။

“ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာစေဖို့ M သုံးလုံးလိုအပ်ပါတယ်။ပထမM ဖြစ်တဲ့ ငွေကြေး Moneyနဲ့ပတ်သက်လို့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ရင်းနှီးငွေ၊ချေးငွေရရှိရေးက ခက်ခဲတယ်ဆိုတာ သိပါတယ်။ ကျွန်မတို့အနေနဲ့ ဘဏ်ချေးငွေတစ်ခုတည်းမဟုတ်ဘဲ တခြားနည်းလမ်းတွေကိုလည်း ကြံဆ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ဒီအတွက် သမရိုးကျနည်းလမ်းတစ်ခုဖြစ်တဲ့ ဘဏ်ချေးငွေတစ်ခုတည်းကိုပဲ အားမကိုးဘဲ အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတွေက စတင်စ လုပ်ငန်းအသစ်ကလေးတွေမှာ အစုရှယ်ယာ ထည့်ဝင်ပြီး ဒီလုပ်ငန်းသစ်ကလေးတွေကို   အောင်မြင်အောင် ပူးပေါင်းကူညီပေးဖို့ လိုပါတယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ရည်ညွှန်းပြောဆိုသော M သုံးလုံးဆိုသည်မှာ Money (ငွေကြေး)၊Market (စျေးကွက်)နှင့်Mentorship (အကြံကောင်းပေးလမ်းညွှန်မှု)တို့ဖြစ်ပြီး လူငယ်လုပ်ငန်းရှင်များအတွက် အဆိုပါသုံးချက်ရရှိရန်အရေးကြီးကြောင်း ပြောသွားခဲ့သည်။

ပြည်တွင်း လူငယ်စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်နေသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီရရှိရေးအတွက်  နိုဝင်ဘာလ ၉ ရက်က ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းပေါင်း (၂၀)နှင့် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုး ခဲ့သည်။

 လက်ရှိအချိန်တွင် ဒေသတွင်းနိုင်ငံများ၌ SME လုပ်ငန်းရှင် သန်းဂဏန်းပတ်ဝန်းကျင်ရှိနေသော်လည်း မြန်မာနိုင်ငံတွင် SMEလုပ်ငန်းရှင် ၂ သိန်းခန့်သာ ရှိနေသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly