မသန်စွမ်းသူများနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ ပါ၀င်သည့် လူ့အခွင့်အရေးနေ့ မှတ်တမ်းရုပ်ရှင်များ ပြသနေ

မသန်စွမ်းသူများနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ ပါ၀င်သည့် လူ့အခွင့်အရေးနေ့ မှတ်တမ်းရုပ်ရှင်များ ပြသနေ

 

ဒီဇင်ဘာ ၉ ။            ။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက်  လူ့အခွင့်အရေးနေ့ မှတ်တမ်းရုပ်ရှင်ပြပွဲကို ဒီဇင်ဘာလ ၉ ရက်၊ ကမ္ဘာအေးဘုရားလမ်းရှိ နဝဒေးရုပ်ရှင်ရုံတွင် ကျင်းပခဲ့သည်။

ရိုးမြေကျ ( Lovely Bones )၊ Beyond the Light ၊ လှေအပြန် ( When the Boat comes in ) The Change Maker ၊ Far From Home ၊ ကလေးများရဲ့ ညကျောင်း ( Now I Can Read ) ၊ Water Boy ၊ ကျောင်းသို့ ( To School) ဇာတ်ကားတွေကို  ယနေ့ နေ့လည် ၁၁ နာရီမှ စတင်ပြီး ညနေ ၄နာရီခွဲအထိ ပြသမည် ဖြစ်သည်။

ဒါရိုက်တာ နွေးဇာခြည်စိုး၏ ရိုးမြေကျ (Lovely Bones )ဇာတ်ကားသည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်၏ ဆုရရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ မျိုးမင်းခင်၏ Beyond the Light ဇာတ်ကားတို့ ပြသပြီး မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်အကြောင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးများအတွက် ဥပဒေများကို အဓိကထားဆွေးနွေးမည်ဖြစ်ပြီး ဒါရိုက်တာ သီဟသွေး၏ Far From Home ၊ ဒါရိုက်တာ တေဇာဝင်းထွန်း၏ Water Boy၊ ဒါရိုက်တာ ခင်ခင်စု၏ ကလေးများရဲ့ ညကျောင်း ၊ ဒါရိုက်တာစိုးမိုးအောင်၏ ကျောင်းသို့ ( To School) ဇာတ်ကားတွေကို ပြသမည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကို ဒိန်းမတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးအစီအစဉ်အဖြစ် ဒိန်းမတ်သံရုံး နှင့် Yangon Film School တို့မှ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။

လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့သည် နှစ် ရ၀ ပြည့် မြောက်မည် ဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုချမှတ်ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအရ  လူသားတစ်ယောက်အနေဖြင့် ငြင်းပယ်မရသော လူသား အားလုံးနှင့်ဆိုင်သည့် အခွင့်အရေးများကို လူမျိုး၊ အသားအရောင်၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြားအယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ်၊ ပစ္စည်းဥစ္စာဂုဏ်၊ မျိုးရိုးဇာတိဂုဏ်နှင့် အခြားအဆင့်အတန်းစသည့် ခွဲခြားမှုမရှိစေဘဲ အတည်ပြုပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly