နောက်တန်းရောက်နေတဲ့ နိုင်ငံကို ပြန်တွန်းတင်ဖို့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နောက်တန်းရောက်နေတဲ့ နိုင်ငံကို ပြန်တွန်းတင်ဖို့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 

ရန်ကုန်၊ ဒီဇင်ဘာ ၉ ။           ။ ဒေသအတွင်းနိုင်ငံများအကြား နောက်တန်းရောက်နေတဲ့ နိုင်ငံကို ရှေ့တန်းပြန်ရောက်အောင် တွန်းတင်ဖို့အတွက် တိုးတက်နေသည့်နိုင်ငံများမှ လူငယ်တွေ ထက်ပိုကြိုး စားကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ဒုတိယ အကြိမ်မြောက် ပြုလုပ်သည့် “ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ယနေ့ (ဒီဇင်လာ ၉ရက်)တွင်ဦးဆောင်ပြုလုပ်သည့် 2nd Myanmar Entrepreneurship Summit 2017 တွင် တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်မတို့ မြန်မာနိုင်ငံကဆိုရင် ဒီဒေသမှာ တစ်ချိန်တစ်ခါတုန်းက ရှေ့တန်းကရှိပေမယ့် အခုနောက်တန်းမှာ ရောက်နေပါတယ်။ ဒါလည်း အားလုံးသိပြီးသားပဲ။ ဒါကြောင့် ကျွန်မတို့လူငယ်တွေဟာ ပိုပြီးတော့ တခြားတိုးတက်နေတဲ့နိုင်ငံတွေက လူငယ်တွထက်ပိုပြီးတော့ ကြိုးစားဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် တိုင်းပြည်၏ အနာဂတ်မှာ လူငယ်များလက်ထဲတွင်ရှိနေပြီး လူငယ်တွေအနေဖြင့် လုပ်ငန်း လုပ်ကိုင်ရာမှာ ငွေကြေးအကျိုးအမြတ်တစ်ခုတည်းကို မကြည့်ကြဖို့လည်း ၄င်းက ဆိုသည်။

စွန့်ဦးတီထွင်ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် အစိုးရပိုင်းအနေဖြင့်လည်း ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီးအစိုးရ များကပါ စွန့်ဦးတီထွင် လုပ်ငန်းတွေကို အားပေးကူညီ ပံ့ပိုးကြဖို့လည်း တိုက်တွန်းခဲ့သည်။

စွန့်ဦးတီထွင် ကဏ္ဍအတွက်ပုံမှန်တွေ့ဆုံနိုင်မည့် အစိုးရနှင့် ပုဂ္ဂိလိကများပါ၀င်သည့်အဖွဲ့ဖွဲ့စည်းနိုင်ရန်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးနေကြောင်းလည်း   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်း ဖွံဖြိုးတိုးတတ်ရေးအတွက် တွန်းအားပေး လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

ထို့အပြင် စွန့်ဦးတီထွင် ကဏ္ဍဖွံဖြီုးတိုးတတ်ရေး အတွက် စွန့်ဦးတီထွင် ဖွံဖြိုးတိုးတတ်ရေးဆိုင်ရာ ဥပဒေ၊ မူဝါဒတွေချမှတ်နိုင်ရန် မြန်မာ့ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly