ဂျပန် ဘုရားကျောင်းတစ်ခုမှာ ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှုဖြစ်ပြီး သုံးဦး သေဆုံး

ဂျပန် ဘုရားကျောင်းတစ်ခုမှာ ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှုဖြစ်ပြီး သုံးဦး သေဆုံး

 

ဒီဇင်ဘာ ၉ ။                  ။ တိုကျိုမြို့က သမိုင်းဝင်ဘုရားကျောင်းတစ်ခုမှာ အမျိုးသားတစ်ဦးက ဆာမူရိုင်းဓားနဲ့ တိုက်ခိုက်ထိုးခုတ်ခဲ့မှုကြောင့် လူသုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့   ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့  ဂျပန် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။

မြို့တော်တိုကျိုက တိုမီအိုကာ ဟာချီမန်ဂူ ဘုရားကျောင်းမှာ ဒီဇင်ဘာ ရ ရက်က ဖြစ်ခဲ့တဲ့ ယင်းဖြစ်စဉ်မှာတော့ ဘုရားကျောင်းရဲ့ အကြီးအကဲဖြစ်တဲ့ သီလရှင်ကြီးတစ်ပါးကို ၎င်းရဲ့ မောင်ဖြစ်သူက ဆာမူရိုင်းဓားနဲ့ တိုက်ခိုက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်သူအမျိုးသားဖြစ်တဲ့ အသက် ၅၆ နှစ်ရှိ ရှီဂျီနာဂါ တိုမီအိုကာဟာ ဘုန်းကြီးအဖြစ်ကနေ လူထွက်ထားသူ တစ်ဦးဖြစ်ပြီး ယခုဖြစ်စဉ်မှာ အမ ဖြစ်တဲ့ အသက် ၅၈ နှစ်ရှိ သီလရှင် နာဂါကို နဲ့ အခြား အမျိုးသမီးတစ်ဦး တို့ကို ထိုးခုတ်သတ်ဖြတ်ပြီး ယင်းနောက် ၎င်းကိုယ့်ကိုယ်ပါ သတ်သေသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံ အမျိုးသားဖြစ်တဲ့ ရှီဂျီနာဂါဟာ ယခင်တုန်းက ယင်းကျောင်း မှာ အကြီးအကဲဘုန်းတော်ကြီးအဖြစ် ကျောင်းထိုင်ခဲ့ဖူးတယ်လို့ သိရပြီး နောက်ပိုင်း အမဖြစ်သူ သီလရှင် နာဂါကိုထံ လွှဲပြောင်းပေးထားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့ မောင်နှမနှစ်ဦးအကြား ယင်းကျောင်းကို ဆက်ခံထိန်းချုပ်ခွင့်နဲ့ပတ်သက်လို့ ကာလကြာ အငြင်းပွားမှုတွေနဲ့အတူ မကျေနပ်ချက်တွေ ရှိနေခဲ့ကြတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ယင်း တိုက်ခိုက်မှုဖြစ်စဉ်မှာတော့ ရှီဂျီနာဂါဟာ အမဖြစ်သူ သီလရှင်နဲ့ အခြားအမျိုးသမီးတို့ကို ထိုးခုတ်သတ်ဖြတ်ခဲ့တဲ့အပြင် အခြား အမျိုးသားတစ်ဦးကိုပါ ဓားနဲ့ လိုက်ခုတ်ခဲ့သေးတယ်လို့ သိရပါတယ်။ ယင်း အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ယင်း ဘုရားကျောင်းကတော့ နိုင်ငံမှာ ထင်ပေါ်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေတုန်းက ဂျပန်ဘုရင် အကီဟီတိုနဲ့ မိဖုရား မီချီကိုတို့လည်း ယင်းကျောင်းကို လာရောက်ထားခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly