၂၂ ဘီး ဆီဘောက်ဆာတွဲကားပေါ်မှ ပိတောက်သစ်ခွဲသားများ သိန်းနီတွင် ဖမ်းမိ

၂၂ ဘီး ဆီဘောက်ဆာတွဲကားပေါ်မှ ပိတောက်သစ်ခွဲသားများ သိန်းနီတွင် ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၈ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၉၁/၇၊ ပန်းဖတ်ရွာအနီးတွင် ၂၂ ဘီး ဆီဘောက်ဆာတွဲကားပေါ်မှ ပိတောက်သစ်ခွဲသားများ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် မိုင်တိုင်အမှတ် ၁၉၁/၇၊ ပန်းဖတ်ရွာ အနီးတွင် ရပ်တန့်ထားသော Nissan Diesel ၂၂ ဘီး ဆီဘောက်ဆာ တွဲကားယာဉ်အား မသင်္ကာ၍ စစ်ဆေး ရာမှ အဆိုပါ ပိတောက်သစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်တန့်ထားသော ဆီဘောက်ဆာတွဲကားအတွင်းမှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်းခြေ ၅ တန်ခန့်ဖမ်းဆီး ရမိခဲ့ပြီး သစ်အား သယ်ဆောင်လာသော ယာဉ်မောင်းအပါအဝင် သစ်ပိုင်ရှင်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသော တရားမဝင်သစ်၊ ယာဉ်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေး ယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly