လွှတ်တော်က အတည်ပြုထားတဲ့အဆိုတွေ အစိုးရက ဘယ်လောက်အထိ အကောင်အထည်ဖော်နေလဲ

လွှတ်တော်က အတည်ပြုထားတဲ့အဆိုတွေ အစိုးရက ဘယ်လောက်အထိ အကောင်အထည်ဖော်နေလဲ

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တေ်ာအစည်းအဝေး ကျင်းပနေတာ အခုဆိုရင် ငါးကြိမ်မြောက် ဖြစ်နေပါပြီ။ အချိန်ကာလအားဖြင့် ၂ နှစ်တာ ကာလနီးပါး ရောက်ရှိလာချိန်မှာ လွှတ်တေ်ာက အတည်ပြုထားတဲ့ အဆိုတွေကို အစိုးရဘက်က ဘယ်လောက်ထိ အကောင်အထည်ဖော်ဆောင်ရွက်နေလဲ။ အစိုးရအပေါ် လွှတ်တော်က အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်နိုင်ရဲ့လား စတာတွေကို  အစိုးရ၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကို မဇ္စျိမ သတင်းထောက် ဇေယျာမော်က မေးမြန်းထားပါတယ်။

မေး။    ။  လွှတ်တော်မှာ အတည်ပြုခဲ့တဲ့အဆိုတွေနဲ့ ပတ်သက်ပြီး အစိုးရက ဘယ်လောက်ထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးထားလဲ။

ဖြေ။       ။ လွှတ်တော်က အခုဆိုရင် ပဥ္စမအကြိမ်ဖြစ်နေပြီ။ ဒုတိယအကြိမ်ကတည်းက အတည်ပြုခဲ့တဲ့ အဆိုတွေရှိတယ်။ အဲ့အဆိုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခြေအနေတွေကို ကိုယ်စားလှယ်တွေကလဲ အစ်မတို့ ကတိကဝတ် ကော်မတီကို တာဝန်ထပ်ပေးတယ်။ ကော်မတီကလည်း လေ့လာတယ်။အဲ့ဒီအခါကျတော့ တော်တော်များများက မလုပ်ရသေးတာ များတယ်။ မလုပ်ရသေးတာများတော့ အဲ့ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကော်မတီအနေနဲ့လည်း ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေရယ်၊ လွှတ်တော်မှာ ကတိပြုခဲ့တဲ့ဟာတွေကို သေချာကွင်းဆင်းပြီးတော့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ပြင်ဆင်နေပါတယ်။

မေး။    ။  YBS နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်ပြီး အတည်ပြုခဲ့တာရှိတယ်။ အဲ့အဆိုကိုရော အစိုးရက ဘာတွေ အကောင်အထည်ဖော်ပေးထားလဲ။

ဖြေ။       ။ YBS နဲ့ ပတ်သက်ပြီး အစိုးရက တစ်ဆင့်ချင်း သူတို့လုပ်မယ်ဆိုတဲ့ပုံစံအတိုင်းလုပ်နေတယ်။ အလုံးစုံတော့ ပြည့်စုံမှုမရှိသေးဘူးပေါ့။ ပြောရမယ်ဆိုရင် YBS အဆိုကမှ တော်တော်လေး အကောင်အထည်ဖော်နေသေးတဲ့ အနေအထား ရှိတယ်။ သူ့ရှေ့က အောင်ခဲ့တဲ့ အဆိုတွေ အကောင်အထည်မဖော်နိုင်သေးတဲ့ အဆိုတွေရှိသေးတယ်။ YBS ကတော့ သူတို့ သုံးလပတ်စီ သုံးလပတ်စီ လုပ်မယ်ဆိုတဲ့အတိုင်းလုပ်နေတယ်။ ပြီးပြည့်စုံမှုတော့မရှိသေးဘူး၊ ဥပမာ ကတ်စနစ် ကို ဘယ်တော့လုပ်မယ်ပြောပေမယ့် အခုမှ တင်ဒါခေါ်တဲ့အဆင့်ပဲရှိသေးတယ်။ မှတ်တိုင်တွေဆိုရင် အစ်မတို့ မေးခဲ့တာ တော်တော်တောင် ကြာနေပြီ။ မှတ်တိုင် ၂၅၀ ကို ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့် ချပေးထားတယ်ပေါ့ ၊ လုပ်ဆောင်မယ်ပေါ့ ဆိုပြီး ပြန်ဖြေထားတယ်။ သို့ပေမယ့် အခုအချိန်အထိ လုပ်တာလည်း မတွေ့ရသေးဘူး။ ဒါတွေကိုလည်း တစ်ဆင့်ချင်းတော့ စိစစ်နေတာပေါ့နော်။တွန်းအားတော့ပေးတယ်၊ အတိုင်းအတာတစ်ခုအထိပဲ သူတို့လည်း လိုက်ပါဆောင်ရွက်မှုက နည်းနည်းလိုအပ်နေသေးတယ်။

မေး။    ။ လွှတ်တော်မှာ မေးခွန်းမေးတဲ့အခါ သက်ဆိုင်ရာဝန်ကြီးတွေရဲ့ ပြန်လည်ဖြေဆိုချက်က လုံလောက်မှုမရှိဘူး ဆိုတဲ့ ဝေဖန်မှုတွေရှိနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ချက်ပေးချင်လဲ။

ဖြေ။       ။ ဒီကိစ္စတိုင်းက ၀န်ကြီးတိုင်းတော့မဟုတ်ဘူး။ တစ်ချို့ဝန်ကြီးတွေဆို တော်တော်လေး စနစ်တကျဖြေတယ်။ ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ ၀န်ကြီးတွေက မေးခွန်းတွေရောက်လာပြီဆို အောက်က ဌာနတွေကို ပေးလိုက်တယ်။ ဌာနတွေက တက်လာတဲ့ အဖြေတွေကို ဒီအတိုင်း ဘာမှ မစိစစ်ဘဲ ပြန်ဖြေတဲ့ ၀န်ကြီးလည်း ရှိသလို တက်လာတဲ့ အဖြေတွေကို စိစစ်ပြီးတော့မှ မကြိုက်ဘူးဆိုရင် ပြန်ပြီးတော့ စုံစမ်းလေ့လာပြီးမှ ပြန်ဖြေတဲ့ ၀န်ကြီးမျိုးလည်း ရှိတယ်။ အစ်မတို့ကတော့ ပြန်ဖြေတဲ့မေးခွန်းတိုင်းဟာလွှတ်တော်မှာ မှတ်တမ်းဝင်သွားမှာ ဖြစ်တဲ့အတွက် စနစ်တကျ မှန်မှန်ကန်ကန် နဲ့ ပေးနိုင်တဲ့ ကတိမျိုး မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ အဖြေမျိုးတွေဖြစ်စေချင်တယ်။ အစ်မဆိုရင်လည်း စတုတ္ထအကြိမ်က တင်ထားတဲ့မေးခွန်း အခုပဥ္စမမှာလည်း မပါလာဘူး။ နှစ်ခုကျန်သေးတယ် စည်ပင်နဲ့ ပတ်သက်ပြီးတော့ ပေါ်လစီပိုင်းမေးထားတာပဲ။ အဲ့လိုပြန်ပါမလာတာမျိုးလည်း ရှိတယ်။

မေး။    ။ လွှတ်တော်အစည်းအဝေး ပထမအကြိမ်ကနေ တတိယအကြိမ်အထိ လွှတ်တော်နဲ့ အစိုးရအကြားမှာ တော်တော် ပွတ်တိုက်မှု များခဲ့တယ်။ အခုစတုတ္ထအကြိမ်နဲ့ ပဥ္စမအကြိမ်မှာ တော်တော်ငြိမ်သွားတာတွေ့ရတယ်။ ဆိုတော့ အစိုးရက လွှတ်တော်အပေါ် လွှမ်းမိုးလာနိုင်တဲ့အခြေအနေရောက်နေပြီလား။

ဖြေ။       ။ လွှတ်တော်ကြီး တစ်ခုလုံးအနေနဲ့တော့ မပြောတတ်ဘူး။ ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ အစ်မအနေနဲ့ ဆိုရင်တော့ ကိုယ်တွေက လုပ်စရာရှိတာကို ဆက်လုပ်နေတယ်။ ဒုတိယအကြိမ်တို့ စတုတ္ထအကြိမ်တို့ကတော့ YBS ကိစ္စ တို့ အများပိုင်နေရာတွေပြန်ပေးဖို့အဆိုတွေနဲ့ ပတ်သက်ပြီး တော်တော်အကြိတ်အနယ် ပြောခဲ့ရတာကိုး။ အဲ့ဒီအချိန် တုန်းကတော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို ပြောခဲ့ လုပ်ခဲ့တာပဲ။ ဘတ်ဂျက်တွေဆွေးနွေးရင်လည်း ပြောစရာတွေတော့ ပြောတာပဲ။ လွှတ်တော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်။ အကြိတ်အနယ် ရှိခြင်းမရှိခြင်းကတော့ တင်ရတဲ့ မေးခွန်းတွေအပေါ်မှာလဲ မူတည်သေးတယ်။ အစိုးရက လွှမ်းမိုးခြင်း မလွှမ်းမိုးခြင်း ဆိုတာထက်ကို ပေးထားတဲ့အခြေအနေပေါ်မှာ လှုပ်ရှားရတဲ့ အနေအထားမျိုးလေး ဖြစ်နေတာပါ။

မေး။    ။ အစိုးရအပေါ်မှာ လွှတ်တော်က ဘယ်လောက်ထိ ထိန်းကျောင်းတာမျိုး လုပ်နိုင်လဲ။

ဖြေ။       ။ အစ်မတို့ လွှတ်တော်အနေနဲ့ တတ်နိုင်သလောက်တော့ ထိန်းကျောင်းနေပါတယ်။ အစိုးရကို ထိန်းကျောင်း နေရတယ် ဆိုတာက တကယ့် ဒီမိုကရက်တစ်ကို နှစ်ပေါင်းများစွာသွားနေတဲ့ နိုင်ငံကြီးတွေ ပုံစံမျိုးတော့ မရောက်သေးဘူး။ ဒါကလည်း လက်ခံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အာဏာက ဘယ်လောက်သွားလဲ ဆိုတာအပေါ်မှာ မူတည်သေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနဲ့ပြည်နယ်တွေမှာ ရှိတဲ့အစိုးရအဖွဲ့တွေကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ ၀န်ကြီးတွေမှာ ၀န်ထမ်းယန္တရားမရှိဘူး။ မရှိတဲ့အခါကျတော့ ပြည်ထောင်စုအဆင့်က ဦးစီးဌာနတွေ အဆင့်ဆင့် ညွှန်ကြားရေးမှူးတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ရတယ်။ အဲ့လိုလုပ်ဆောင်ရမှာ အခက်အခဲရှိတော့ ထင်တိုင်းမပေါက်တာတွေရှိတယ်။ အစ်မတို့က အဲ့ဒါမျိုးလည်း နားလည်ပေးရတယ်။ ဌာနဆိုင်ရာတွေက ကိုယ်တွေနဲ့ လိုက်ပါချင်တာရှိတယ်။ မလိုက်ပါချင်တာ ရှိတယ်။ အဲ့တော့ ဖြည်းဖြည်းချင်းနဲ့ သွားနေရတာမျိုးရှိတယ်။ လုပ်လို့ရတဲ့အပိုင်းဆိုရင်တော့ အစ်မတို့က Check and Balance ကို ကောင်းကောင်းလုပ်တယ်။ တခြားအပိုင်းတွေမှာ နည်းနည်း အခြေအနေလေးတွေကြည့်ပေးရတယ်။ ပြောရရင် လုပ်လို့ရတဲ့ ၀န်ကြီးဌာနတွေကတော့ ပိုင်ပိုင်နိုင်နိုင်လုပ်စေချင်တယ်။

မေး။    ။ အစိုးရအဖွဲ့က စီမံကိန်းတွေလုပ်ဆောင်ရာမှာ လွှတ်တော်နဲ့ တိုင်ပင်ပြီးမှ လုပ်ဆောင်ရဲ့လား။ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ အစိုးရအဖွဲ့ရဲ့ ပွင့်လင်းမြင်သာမှုက ဘယ်လိုအနေအထားရှိလဲ။

ဖြေ။       ။ အစိုးရအဖွဲ့ဆောင်ရွက်မယ့် စီမံကိန်းကြီးတွေဆိုရင် သေချာတယ် လွှတ်တော်တင်ရမယ်။ လွှတ်တော်တင်ပြီးမှ လုပ်ရမှာပဲ။ လွှတ်တော်ကို မတင်သေးဘဲနဲ့ တရားဝင်ကြီး အကောင်အထည်ဖော်လို့မရဘူး။အဲ့လိုအနေအထားမျိုး ရှိနေတော့ တကယ် လုပ်ငန်းကြီးတွေ စနစ်တကျဖြစ်အောင်လုပ်မယ်ဆိုရင် သေချာတယ် လွှတ်တော်က တဆင့်ပဲ သွားရမှာ။ ပွင့်လင်းမြင်သာမှုနဲ့ ပြောရရင် မြို့သစ်စီမံကိန်းက လွှတ်တော်တင်ရင် ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အကုန်ပြောလို့ရတယ်။ မပွင့်လင်းဘူး ထင်တဲ့ဟာတွေဆိုလည်း အစ်မတို့ လွှတ်တော်က အကုန်မေးလို့ရတယ်။ မတင်သေးတဲ့အချိန်မှာတော့ စောင့်ကြည့်နေရတာပေါ့။ ဥပဒေအရ မတင်ဘဲနဲ့ လုပ်လို့မရပါဘူး။

မေး။    ။ ဖြည့်စွက်ပြောချင်တာမျိုး ရှိပါသလား ခင်ဗျာ။

ဖြေ။       ။ လွှတ်တော်က အခုဆိုရင် ငါးကြိမ်မြောက်ရှိသွားပြီ။ အဆိုတွေလည်း အတည်ပြုခဲ့တာရှိတယ်။ အခုဆိုရင်လည်း ဥပဒေတွေလဲ ဆွေးနွေးနေတာလည်းရှိတယ်။ မကြာခင်လည်း စည်ပင်ဥပဒေတို့ဘာတို့ လာမယ်။ အဲ့လိုအပိုင်းမှာလည်း လွှတ်တော်ဘက်က ကြိုးစားပြီး ဆောင်ရွက်တာရှိပေမယ့် တစ်ချို့နေရာလေးတွေလည်း အားနည်းချက်လေးတွေ ရှိဦးမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အစ်မတို့လည်း နှစ်နှစ်တာကာလအတွင်း တော်တော်လေး လေ့လာရင်း သင်ယူရင်းနဲ့ အကောင်းဆုံးဖြစ်အောင်လျှောက်လှမ်းနေရတယ်ပေါ့။ အစိုးရဘက်မှာလည်း ကြိုးစားပြီးလုပ်ဆောင်နေတဲ့ အပိုင်းတွေရှိတယ် ။ လိုအပ်ချက်တွေလည်း ရှိနေတဲ့အပိုင်းတွေရှိနေတယ်။ တတ်နိုင်သလောက်တော့ အစိုးရနဲ့ လွှတ်တော် နဲ့က လုပ်လို့ရတာ မှန်သမျှကို အားသွန်ခွန်စိုက်လေး ဆက်သွားမယ်ဆိုရင်တော့ နောင်  ၂ နှစ် ၃ နှစ် လောက်ဆို ရန်ကုန်တိုင်းအနေနဲ့ အခြေအနေလေးတစ်ခုတော့ ရောက်မှာပါ။ အစ်မတို့ကော်မတီအနေနဲ့လည်း အစိုးရက ကတိပြုထားတာတွေကို ပိုပြီးတော့ အားထည့်လုပ်ဆောင်နိုင်ဖို့ အစ်မတို့ တိုက်တွန်းသွားဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags