ဘန်ကောက်ဗုံးခွဲသမားမှာ နိုင်ငံတကာအကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်နွယ်နေဖွယ်မရှိဟု ထိုင်းအစိုးရပြောကြား

ဘန်ကောက်ဗုံးခွဲသမားမှာ နိုင်ငံတကာအကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်နွယ်နေဖွယ်မရှိဟု ထိုင်းအစိုးရပြောကြား

ဘန်ကောက်၊ သြဂုတ်-၂၀ ။        ။ နိုင်ငံခြားသားတစ်ယောက်ကို အဓိကတရားခံအဖြစ် သတ်မှတ်ထားသော်လည်း လူ၂၀သေဆုံးခဲ့ရသည့် ဘန်ကောက်ဗုံးခွဲမှုမှာ နိုင်ငံတကာ အကြမ်းဖက်အုပ်စုတစ်စု၏ လုပ်ရပ်ဖြစ်ဖွယ်မရှိဟု ထိုင်းနိုင်ငံ၏ အာဏာသိမ်းစစ်အစိုးရက သြဂုတ်လ ၂၀ရက်နေ့က ပြောကြားခဲ့သည်။

''နိုင်ငံတကာအကြမ်းဖက်အုပ်စုတစ်စုရဲ့ လုပ်ရပ်မဖြစ်နိုင်ပါဘူး။ တရုတ်လူမျိုးတွေကို တိုက်ရိုက်ပစ်မှတ်ထားတာလည်း မဟုတ်ပါဘူး''ဟု စစ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်ထိုင်း ဆူဗာရီက ရုပ်သံ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဘန်ကောက်မြို့လယ် အာရာဝမ်ဟိန္ဒူဘုရားကျောင်းတွင် တနင်္လာနေ့ ဗုံးခွဲတိုက်ခိုက်၌ သေဆုံးရသူများထဲတွင် တရုတ်နိုင်ငံသားများလည်း ပါဝင်နေပြီး မြို့ခံများမှာ နောက်ထပ် အတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကပွားလျှက်ရှိကြသည့်အပြင် နိုင်ငံ၏ အရေးကြီးသော ခရီးသွားလုပ်ငန်းကဏ္ဍအတွက်လည်း ထိုးနှက်ချက်တစ်ရပ်ပင်ဖြစ်သည်။

သူ့အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အတွက် သြဂုတ်လ ၂၀ရက်နေ့တွင် ဘုရားကျောင်း၌ကျင်းပမည့် ဗုံးဒဏ်ခံသေဆုံးသူများအား အောက်မေ့ဖွယ်အခန်းအနားသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွန် ချန်းအိုချာက ပြောကြားခဲ့သည်။

''ကျွန်တော့်လုံခြုံရေးကြောင့် အဲဒီနေရာကို ကျွန်တော်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်သေရမှာ မကြောက်ပေမယ့်လည်း ကျွန်တော့်အသက်အန္တရာယ်က တစ်နေ့တစ်ခြား ပိုပိုပြီးစိုးရိမ်လာရလို့ အခြား သူတွေပါ ကျွန်တော်နဲ့အတူ သေသွားမှာကိုပဲ စိုးရိမ်တာပါ''ဟု ဘန်ကောက်မြို့က တရားဝင်အခန်းအနားတစ်ခုတွင် ဝန်ကြီးချုပ် ပရာယွတ်က ပြောကြားခဲ့သည်။

ဘန်ကောက်မြို့တော်တွင် ယခင်က မဖြစ်ခဲ့ဖူးသည့် တိုက်ခိုက်မှုအတွက် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကမျှ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလာခြင်းမရှိသေးပေ။ သို့ရာတွင် စီစီတီဗီက ရိုက်ကူးထားသည့် ဗွီဒီယိုအပေါ်အခြေခံ၍ အမည်မသိနိုင်ငံခြားသားတစ်ဦးကို အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ထားခဲ့သည်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး နိုင်ငံခြားသား ၁၃ဦးသေဆုံးခဲ့ရာ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသားများပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly