လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု စွပ်စွဲချက်များကြောင့် လွှတ်တော်အတွင်းမှ အမေရိကန်အမတ် နှုတ်ထွက်

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု စွပ်စွဲချက်များကြောင့် လွှတ်တော်အတွင်းမှ အမေရိကန်အမတ် နှုတ်ထွက်

၀ါရှင်တန်၊ ဒီဇင်ဘာ ၈၊ ။             ။ အမျိုးသမီး ၈ ဦးအပေါ် လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များ မြင့်တက်လာချိန်၌ အမေရိကန်အထက်လွှတ်တော်အမတ် အယ်လ်ဖရန်ကန်က သူသည်လွှတ်တော်အတွင်းမှ နှုတ်ထွက်တော့မည် ဖြစ်ကြောင်း ကြာသာပတေးနေ့က ကြေညာခဲ့သည်။

မင်နီဆိုတာပြည်နယ်ကိုယ်စားပြု ဒီမိုကရက်အမတ်ကြီးက အဆိုပါကြေညာချက်ကို လွှတ်တော်အတွင်း၌ အကျဉ်းချံုး၍ ပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့်အပတ်များအတွင်း သူသည် လွှတ်တော်အတွင်းမှ သူ၏ထိုင်ခုံကို စွန့်လွှတ်တော့မည်ဟု ပြောကြားခဲ့သည်။

“ကျနော်ဒီကထွက်ခွာရတော့မယ်ဆိုတာက နည်းနည်းလေးတော့ ငေါ့တော့တော့နိုင်သလိုပါပဲ။ ဘာလို့လဲဆို တော့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ကျူးလွန်ဖူးတဲ့သူတစ်ဦးက ဘဲဥပုံရုံးခန်းထဲမှာထိုင်နေသလို အမျိုးသမီး ငယ်လေးတွေကို အနိုင်ကျင့်အမြတ်ထုတ်ပြီး လွှတ်တော်ထဲမှာ နေရာဝင်ယူနေတဲ့သူကို သူ့ရဲ့ပါတီက အပြည့် အဝ ထောက်ခံပေးနေတာကိုမြင်ရတာ ငေါ့တော့တော့နိုင်လှပါတယ်” ဟု သူက သမ္မတဒေါ်နယ်ထရမ့်နှင့် ရစ်ပတ်ဘလစ်ကန်အမတ် ရွိုင်းမိုးတို့အား ရည်ညွှန်း၍ မချိတင်ကဲ ပြောကြားခဲ့သည်။

ဖရန်ကန်က အကယ်၍ မည်သူ့ကိုမဆို သူစော်ကားမိပါက တောင်းပန်ကြောင်းနှင့် သူ့ဘက်မှမလိုလားဘဲ အမျိုးသမီးနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့မှုများရှိပါက ထိုအမျိုးသမီးများကို တောင်းပန်ကြောင်း   ပြောကြားခဲ့ သည်။ လက်ရှိဒီမိုကရက်လွှတ်တော်အမတ်များထဲမှ အကျော်ကြားဆုံးဖြစ်ပြီး လာမည့် ၂၀၂၀ သမ္မတရွေး ကောက်ပွဲ၌ ၀င်ပြိုင်ခွင့်ရနိုင်သည်ဟု တစ်ပေးခြင်းခံထားရသော ဖရန်ကန်သည် ထိုပြသနာများကြောင့် လွှတ်တော်ကျင့်ဝတ်ကော်မတီ၏ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရသူဖြစ်သည်။

ဖရန်ကန်က သူသည်အပြစ်ကင်းစင်သည်ဟု အခိုင်အမာပြောကြားထားသလို သူ့ကိုစွပ်စွဲနေမှုများမြင့်တက် လာသည်နှင့်အမျှ ထိုစွပ်စွဲချက်အားလုံးကို ငြင်းဆန်ပယ်ချပြီး ဖြေရှင်းနိုင်ရန်ကြိုးပမ်းသွားမည်ဟု လွှတ်တော် အတွင်း၌ ပြောကြားခဲ့သည်။

အချို့သောစွပ်စွဲချက်များသည် မှန်ကန်ခြင်းမရှိကြောင်း သူကပြောခဲ့သလို “ ကျနော်လွှတ်တော်အမတ်ဘဝမှာ ဒီအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းသွားစေမယ့် မည်သည့်အရာကိုမှ ကျူးလွန်ခဲ့ခြင်းမရှိပါဘူး။ ဒါကို လွှတ်တော်ကျင့်ဝတ်ဆိုင်ရာ ကော်မတီက  သဘောတူလက်ခံမယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု သူက နောက်ဆုံးပိတ်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly