ထရမ့်၏ဂျေရုစလမ်ဆုံးဖြတ်ချက်ကြောင့် အနောက်ဘက်ကမ်း၌ ပါလက်စတိုင်းနှင့်အစ္စရေးစစ်တပ်တို့ အချင်းများ

ထရမ့်၏ဂျေရုစလမ်ဆုံးဖြတ်ချက်ကြောင့် အနောက်ဘက်ကမ်း၌ ပါလက်စတိုင်းနှင့်အစ္စရေးစစ်တပ်တို့ အချင်းများ

ကိုင်ရို၊ ဒီဇင်ဘာ ၈ ။            ။ ဂျေရုစလမ်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အသိအမှတ်ပြုခဲ့ပြီးနောက် တစ်ရက်အကြာတွင် အစ္စရေးနှင့်ပါလက်စတိုင်းတို့ ပူးပေါင်းထိန်းချုပ်ရာနယ်မြေ ဖြစ်သော အနောက်ဘက်ကမ်းမှ ဘတ်သ်လီဟမ်မြို့၌ ပါလက်စတိုင်းလူမျိုးများနှင့် အစ္စရေးစစ်တပ်တို့ ကြာသာပတေးနေ့က ထိပ်တိုက်တွေ့ဆုံပြီး အကြီးအကျယ်အချင်းများခဲ့ကြသည်။

သတင်းထောက်များရိုက်ကူးထားသော ဓာတ်ပုံများထဲ၌ ဆန္ဒပြနေကြသည့် ပါလက်စတိုင်းလူမျိုးများသည် ၄င်းတို့အား မျက်ရည်ယိုဓာတ်ငွေ့အသုံးပြုပြီး လူစုခွဲရန်ကြိုးပမ်းခဲ့သော အစ္စရေးတပ်သားများအား ကျောက်တုံး များနှင့်ပစ်ခတ်နေသည်ကို တွေ့မြင်ရသည်။

ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့က ဂျေရုစလမ်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ်ပြု သည့် ဒေါ်နယ်ထရမ့်၏ဆုံးဖြတ်ချက်ကို အထွေထွေသပိတ်မှောက်ကြရန်   တောင်းဆိုခဲ့အပြီးတွင် ယခုလိုဆန္ဒပြ မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၀ါရှင်တန်အစိုးရ၏ ယခုလိုကြေညာချက်သည် အာရပ်နိုင်ငံများနှင့် ဥရောပခေါင်းဆောင်များကို ဒေါသအကြီး အကျယ်ထွက်စေခဲ့ပြီး ယင်းဒေသအတွင်း၌ အကြမ်းဖက်မှုများပိုမိုဖြစ်ပွားလာမည်ကို ကမ္ဘာ့ခေါင်းဆောင် အများစုက စိုးရိမ်လျက်ရှိသည်။

လွန်ခဲ့သော ၁၉၆၇ ခုနှစ်က အစ္စရေးတို့ဘက်မှ နာမည်ကျော် ၆ ရက်တာစစ်ပွဲဆင်နွှဲပြီး သိမ်းပိုက်ခဲ့သည့် ဂျေရုစလမ်မြို့အရှေ့ပိုင်းဒေသအား အနာဂတ်တွင် ၄င်းတို့၏မြို့တော်အဖြစ်သတ်မှတ်နိုင်ရန် ပါလက်စတိုင်းများ က ကြိုးပမ်းနေခြင်းဖြစ်သည်။

၁၉၉၃ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် အော်စလိုသဘောတူညီချက်အရ ဂျေရုစလမ်မြို့၏ ဖြစ်တည်မှုအခြေအနေကို အစ္စရေးနှင့် ပါလက်စတိုင်းလူမျိုးများကြား အပြန်အလှန်စေ့စပ်ညှိုနှိုင်းပြီးမှသာ တရားဝင်ထုတ်ပြန်နိုင်ဖို့ သဘော တူညီထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags