နီပေါအထွေထွေရွေးကောက်ပွဲတွင် ပြည်သူသန်းပေါင်းများစွာ တည်ငြိမ်အေးချမ်းစွာ လာရောက်မဲပေး

နီပေါအထွေထွေရွေးကောက်ပွဲတွင် ပြည်သူသန်းပေါင်းများစွာ တည်ငြိမ်အေးချမ်းစွာ လာရောက်မဲပေး

ခတ္တမန္ဒူ၊ ဒီဇင်ဘာ ရ ။          ။ နီပေါတွင် ၂၀၁၅ ဖွဲ့စည်းပုံဥပဒေ အတည်ပြုချက်အရ နိုင်ငံ၏ လွှတ်တော်နှစ်ရပ်အတွက် ကိုယ်စားလှယ်အမတ်များကို ရွေးကောက်မည်ဖြစ်သော အထွေထွေရွေးကောက်ပွဲ နောက်ဆုံးအသုတ်ကို ဒီဇင်ဘာ ရ ရက်တွင် ကျင်းပရာ တောင်ပိုင်းနှင့် အလယ်ပိုင်းရှိ ခရိုင် ၄၅ ခရိုင်အနှံ့ ပြည်သူသန်းပေါင်းများစွာက လာရောက်မဲပေးကြသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်နယ်ဒေသလွှတ်တော်နှစ်ရပ်၏ အမတ်များကို ရွေးချယ်တင်မြှောက်မည့် ယခုရွေးကောက်ပွဲသည် အများစု တည်ငြိမ်အေးချမ်းစွာဖြင့် မဲပေးကြခြင်းဖြစ်သည်။ မဲရုံများကို နံနက် ခုနစ်နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ငါးနာရီအထိ ဖွင့်လှစ်သည်။

“တစ်ချို့ မတော်တဆ ဖြစ်ရပ်တွေကလွဲလို့ နိုင်ငံအနှံ့မှာ ခုရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပနေတာဖြစ်ပါတယ်။”ဟု ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရသူ နာဘာရတ်ချ်က အီးပီအေသတင်းဌာနသို့ ပြောသည်။

မြို့တော် ခတ္တမန္ဒူရှိ မာနာမေဂျူနှင့် ဒါဟာရန်အရပ်တွင် လက်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း နာဘာရတ်ချ်က ပြောခဲ့သည်။

နံနက် ဆယ်နာရီလောက်အတွင်း မဲပေးနိုင်သူ ၁၂ ဒဿမ ၂ သန်းကျော်တွင် ၂၀ ရာခိုင်နှုန်းက လာရောက်မဲပေးပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်နာမင်းကြီးငါးဦးတွင် အပါအဝင်ဖြစ်သူ ဆူဒဟားရှားက ပြောခဲ့သည်။

“ကျွန်တော်တို့က တည်ငြိမ်အေးချမ်းမှုကို လိုလားတာပါ။ ဒါမှ နိုင်ငံက ကြွယ်ဝချမ်းသာမှုဆီ ချီတက်နိုင်မှာဖြစ်တယ်။ ခု ရွေးကောက်ပွဲက တည်ငြိမ်တဲ့ အစိုးရကို မွေးဖွားပေးမယ်လို့ ကျွန်တော် မျှော်လင့်တယ်။”ဟု လာရောက်မဲပေးသော အသက် ၆၇ နှစ်ရှိ အငြိမ်းစားကျောင်းဆရာတစ်ဦးက ပြောသည်။

မဲရုံများ ပိတ်ပြီးနောက် မဲစတင်ရေတွက်မှာဖြစ်ကာ မဲရလဒ်ကို လာမည့်သီတင်းပတ်အတောအတွင်း ကြေညာဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly