ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းနယ်မြေ နတ်ရေကန်ဒေသဝန်ကျင်းရှိ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းနယ်မြေ နတ်ရေကန်ဒေသဝန်ကျင်းရှိ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ငဖဲ၊ ဒီဇင်ဘာ ရ ။            ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရဲကင်းစခန်းနယ်မြေ၊ နတ်ရေကန်ဒေသဝန်းကျင်တွင် ဘိန်းစိုက်ခင်း ဆေးခြောက်စိုက်ခင်းများကို တိုင်းဒေသကြီးအစိုးရ စီမံချက်ဖြင့် ရှာဖွေဖျက်ဆီးလျှက်ရှိကြောင်း ဂုတ်ကြီးရဲကင်းစခန်းမှ သိရသည်။

နတ်ရေကန်ဒေသဝန်းကျင်းတွင် ဒီဇင်ဘာ ၄ရက်နေ့မှ ယနေ့ ဒီဇင်ဘာ ရရက်နေ့အထိ ဘိန်းခင်း (၅၃)ဧကအား ဖျက်ဆီးနိင်ခဲ့ကြောင်း ဂုတ်ကြီးရဲကင်းစခန်း စခန်းမှူးရဲအုပ်ကျော်မျိုးက ပြောသည်။

“ အဓိက ဒီဒေသမှာ မူးယစ်ဆေးဝါးကင်းတယ်ဆိုတာကို တိုင်းအစိုးရဲ့ စီမံချက်နဲ့ ကြိုးစားဆောင်ရွက်နေ ပါတယ်၊ ဒီ ဘိန်းစစ်ကြောင်း စီမံချက်ကို ဒီဇင်ဘာ ၄ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ လုပ်ဆောင်သွား မှာပါ၊ ဂုတ်ကြီးရဲကင်းနယ်မြေအပိုင် နတ်ရေကန်ဒေသဝန်းကျင်မှာရှိတဲ့ ဘိန်းခင်း ဆေးခြောက်ခင်းတွေကို သတင်းစုံစမ်း ဖျက်ဆီးနေတာ ဒီနေ့အထိ (၅၃) ဧကရှိနေပါပြီ” ဟု ရဲအုပ်ကျော်မျိုးက မဇ္ဈိမသို့ ပြောသည်။

ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်လွင်နှင့် ဌာနဆိုင်ရာပူပေါင်းအဖွဲ့များ၊အမှတ်(၃၇၅) အမြောက်တပ်မှ တပ်ဖွဲ့ဝင်များ၊ဒေသခံများက ဘိန်းစိုက်အပင်အမြင့် ၂ လက်မခွဲမှ အမြင့် ၁ ပေခွဲရှိ ဘိန်းပင်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂုတ်ကြီးရဲကင်းစခန်းမှ သိရသည်။

အဆိုပါဘိန်းစိုက်ခင်းများဖျက်ဆီးခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံချက်ဖြင့် ဒီဇင်ဘာ(၄)ရက် မှ ဒီဇင်ဘာ (၁၀)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly