ကျောင်းဆရာမတစ်ဦးက ကျောင်းသားမျက်နှာအား လက်သည်းဖြင့် ကုတ်ခြစ်ဆုံးမမှုဖြစ်ပွား

ကျောင်းဆရာမတစ်ဦးက ကျောင်းသားမျက်နှာအား လက်သည်းဖြင့် ကုတ်ခြစ်ဆုံးမမှုဖြစ်ပွား
ဓာတ်ပုံ- Kyaw Thet Win

 

ရန်ကုန်၊ ဒီဇင်ဘာလ ရ ။                    ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အ.လ.က (၄) ကျောင်းတွင် ကလေးငယ် မျက်နှာအား အလယ်တန်းပြ ဆရာမတစ်ဦးက လက်သည်းများဖြင့် ကုတ်ခြစ်ဆုံးမမှု ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကမ်ဇာမုံက ယနေ့ ဒီဇင်ဘာလ ရ ရက်နေ့တွင် မဇ္စျိမသို့ အတည်ပြုပြောသည်။

ထိုသို့ ကလေးငယ်မျက်နှာအား ဆရာမဖြစ်သူက လက်သည်းဖြင့် ကုတ်ခြစ်ဆုံးမမှုမှာ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပြဿနာနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ပညာရေးမှူးနှင့် ကလေးမြို့၊ အ.လ.က (၄) ကျောင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ အ.ထ.က ၄ မှ ယာယီကျောင်း အုပ်ကြီးက ယင်းဆရာမကို သတိပေးမှုများပြုလုပ်ခဲ့ကြောင်း ဦးကမ်ဇာမုံက ပြောသည်။

 “ အ.လ.က ၄ က အလယ်တန်းပြဆရာမတစ်ယောက်က ကလေးတစ်ယောက်မျက်နှာကို လက်သည်းတွေနဲ့ ကုတ်တာပေါ့။ ဘယ်လောက်ဆိုးလဲမသိဘူး။  ကလေးမျက်နှာမှာ လက်သည်းဒဏ်ရာတွေနဲ့ ကုတ်ထားတာ အနာ တွေတောင်ဖြစ်တယ်။ အဲ့ဒါကို ဌာနတွင်း အရေးယူဖို့ရန်အတွက် လောလောဆယ် စီစဉ်နေတယ်လို့ ပြောတယ်။ ခုလိုဖြစ်သွားတာကတော့ ၅ ရက်နေ့ကပေါ့။ ဘယ်ကနေ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် အတိ အကျမသိရသေးဘူး။ အခုလိုဖြစ်သွားတယ်ဆိုတာပဲ ကျွန်တော်သိသေးတာ”ဟု ဦးကမ်ဇာမုံက ပြောသည်။

လက်ရှိတွင် ယာယီကျောင်းအုပ်ကြီးက ယင်းဆရာမကို သတိပေးမှုများပြုလုပ်ပြီး ကလေးငယ်၏ မိဘများဖြင့် တွေ့ဆုံပေးကာ မိဘများကျေနပ်သည့်အထိ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အချက်အလက်ပြည့်စုံစွာသိရှိနိုင်ရန်အတွက် ကလေးမြို့နယ်ပညာရေးမှူးရုံးသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားပေးနိုင်ရန် တာဝန်ရှိသူများမရှိတော့ကြောင်း အကြောင်းပြန်ခဲ့သည်။

 ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သွန်သင်ဆုံးမရာတွင် ကာယိ န္ဒြေပျက်ပြားစေမည့် အပြုအမူများမပြုလုပ်ရန်၊ မည်သည့်တုတ်ဖြင့် လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ အခြားတစ်စုံတစ်ရာဖြင့်လည်းကောင်း ရိုက်နှက်ဆုံးမခြင်းမပြုရန် စသည့်အချက်များကို ကြေညာချက်တွင် ထည့်သွင်းကာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

 လွန်ခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ်ကျောင်း၊ ဒုတိယ တန်းတွင် ကျောင်းသူ၊ ကျောင်းသားလေးများအား စာကျက်မလာ၍ဆိုကာ ဆရာမက စာသင် ခန်းရှေ့တွင် ဘောင်း ဘီချွတ်အပြစ်ပေးခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် အခြေခံပညာဦးစီးဌာနမှ အဆိုပါ ကြေညာချက်အား ထုတ် ပြန် တားမြစ်လိုက်ခြင်းဖြစ်သည်။

 သို့သော် တားမြစ်ချက်ထုတ်ပြန်ထားသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ငါးလူးတုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ၅ တန်းကျောင်းသားနှစ်ဦးကို ရန်ဖြစ်၍ဟုဆိုကာ မူလတန်းပြဆရာ ဦးစိုးဇော်ဆိုသူက သစ်သားချောင်းဖြင့် အချက် ၅ဝ ခန့်စီရိုက်နှက်ဆုံးမမှု ထပ်မံဖြစ်ပွားခဲ့သည်။

 ယခင်က ပညာသင်စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများက ရိုက်နှက်ဆုံးမမှုများ ရှိခဲ့သော်လည်း ယခုအခါ စက်တင်ဘာလ ၂၄ ရက်နေ့မှစပြီး ပညာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်တားမြစ်လိုက်ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly