၂၀၁၇ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် #MeToo လှုပ်ရှားမှုအဖွဲ့ ရွေးချယ်ခံရ

၂၀၁၇ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် #MeToo လှုပ်ရှားမှုအဖွဲ့ ရွေးချယ်ခံရ

ဒီဇင်ဘာ ရ ။           ။ ယခုနှစ် ၂၀၁၇ အတွက် သြဇာလွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ် "Person of the Year" အဖြစ် #MeToo အမည်ရ လူမှုရေးလှုပ်ရှားမှုအဖွဲ့ကို ရွေးချယ်လိုက်ကြောင်း တိုင်းမ် မဂ္ဂဇင်းက ထုတ်ပြန်ကြေညာပါတယ်။

#MeToo အမည်ရ လူမှု လှုပ်ရှားမှုကတော့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရမှု၊ အကြမ်းဖက်ခံနေရမှုတို့ကို လူအများသိရှိစေဖို့ အသိပညာပေး လှုံ့ဆော်နေတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

"ခုချိန်မှာ လူမှုဆိုင်ရာ အပြောင်းအလဲတွေက မြန်မြန်ဆန်ဆန်ကို ဖြစ်ပေါ်နေပါတယ်၊ ဒါတွေဟာ ဆယ်စုနှစ်များစွာအတွင်း တွေ့ထားခဲ့သမျှတွေထဲမှာ အမြန်ဆန်ဆုံး ပြောင်းလဲမှုတွေဖြစ်ပါတယ်၊ ခုဆိုရင် ရာနဲ့ချီတဲ့အမျိုးသမီးတွေနဲ့ အမျိုးသားတစ်ချို့ဟာ ကိုယ်ပိုင်ကြံုတွေ့ခံစားခဲ့ကြရတဲ့ ဇာတ်ကြောင်းတွေကို သူတို့တွေရဲ့ တစ်ဦးချင်း သတ္တိတွေနဲ့အတူ စတင် ထုတ်ဖော်လာနေကြပါပြီ၊ သူတို့တွေဟာ တကယ်တမ်းမှာတော့ ရေငုံနှုတ်ပိတ်မှုကို ချိုးဖျက်လိုက်သူတွေပါ" ဆိုပြီး တိုင်းမ်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် အက်ဒ်ဝါ့ဒ် ဖယ်ဆန်သယ်လ်က ပြောသွားပါတယ်။

ယခုနောက်ပိုင်းကာလတွေမှာ အမေရိကန် နိုင်ငံရေး၊ မီဒီယာနဲ့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက ထင်ရှားတဲ့ အမျိုးသားတစ်ချို့တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုတွေ ရှိထားတယ်ဆိုပြီး ထုတ်ဖော်စွပ်စွဲချက်တွေ လှိုင်လှိုင်ထွက်ပေါ်လာခဲ့ပြီးနောက် ယခုလို ယင်း လူမှု လှုပ်ရှားမှု အဖွဲ့ကို ၂၀၁၇ ခုနှစ်အတွက် Person of the Year အဖြစ် တိုင်းမ်မဂ္ဂဇင်းက အသိအမှတ်ပြု ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အတွက် ဆန်ခါတင်စာရင်းထဲမှာတော့ ယမန်နှစ်တုန်းက တိုင်းမ်မဂ္ဂဇင်းရဲ့ person of the year အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့လည်း ပါ၀င်ခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags