သီဟိုဠ်စေ့ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

သီဟိုဠ်စေ့ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

 Cashew (သီဟိုဠ်စေ့)

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

cashew (သီဟိုဠ်စေ့)

Generic Name: Cashew (သီဟိုဠ်စေ့)

သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လို   ရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်း သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။

သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုး

သီဟိုဠ်စေ့မှာ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓာတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင် C ၊B1 (thiamin)၊ B2(riboflavin) ၊B3 (niacin)၊B6၊ folate ၊ ဗီတာမင် E (alpha-tocopherol) နဲ့ ဗီတာမင် K (phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့ polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

သီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့  –

(၁) နှလုံးရောဂါကာကွယ်ပေးခြင်း

သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊ E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ အဆီအက်စစ်တွေပါဝင်ပါတယ်။ စားသုံးပုံမှန်ကန် မယ်ဆိုရင် ဒီအဆီဓာတ်တွေက ဆိုးကျိုးပေးတဲ့ကိုလက်စထရော (LDL cholesterol) တွေကို လျှော့ချပေးနိုင်ပြီး နှလုံးအတွက် အကျိုးပြုပါတယ်။

(၂) ကြွက်သားနဲ့အာရုံကြောအားကောင်းစေခြင်း

သီဟိုဠ်စေ့တွေမှာ အရိုး၊ကြွက်သား၊တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က သွေးဖိအားကိုထိန်းညှိပေးပြီး ကိုယ်ခံအားကောင်းစေ၊ အာရုံကြောလုပ်ဆောင်ချက်ကောင်းစေတဲ့အပြင် အရိုးကို သန်မာစေပါတယ်။ အင်ဆူလင်လုပ်ဆောင်ချက်ကိုလည်း ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို မှန်ကန်စေတယ်လို့ ဆိုပါတယ်။

(၃) ဆီးချိုသွေးချိုအန္တရာယ်လျော့နည်းစေခြင်း

သကြားဓာတ်နဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှု နည်းပါးလွန်းခြင်းကြောင့် ဆီးချိုဝေဒနာသည်တွေအတွက် ဘေးဥပါဒ်ကင်းပါတယ်။ ရောဂါမရှိသေးသူတွေမှာလညး် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်လည်းနည်းပါးစေတယ်လို့ သိရပါတယ်။

(၄) ကင်ဆာဆေးတွေပိုထိရောက်စေခြင်း

သီဟိုဠ်စေ့မှာပါဝင်တဲ့ anacardic acids၊  cardanols နဲ့ cardols တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝမှုကြောင့် အကျိတ်နဲ့ ကင်ဆာတို့အတွက် ကုသမှုခံယူနေဆဲ လူနာတွေအတွက် ထိရောက်မှုရှိစေတယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။

(၅) သွေးနီဥဆဲလ် ဖြစ်ပေါ်မှုကို အားပေးခြင်း

သီဟိုဠ်စေ့မှာ သံဓာတ်ရဲ့ဇီဝဖြစ်စဉ်အတွက် အထောက်အကူပေးတဲ့ ကော့ပါးဓာတ်ကြွယ်ဝပြီး သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးကာ အရိုးနဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်နဲ့ ကျောရိုးစနစ်အတွက်လည်း အရေးပါပါတယ်။ ကော့ပါးဓာတ်ချို့တဲ့ရင် အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တာ၊ သွေးအားနည်းရောဂါတွေ ဖြစ်စေတတ်ပါတယ်။

(၆) အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း

အရိုးနဲ့သွား ဖွံ့ဖြိုးမှုကျန်းမာရေးအတွက်လည်း အရေးပါတဲ့ phosphorous ဓာတ်ပါဝင်တာကြောင့်လည်း ပရိုတင်းချက်လုပ်မှုကို အထောက်အကူပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေစုပ်ယူခြင်းနဲ့ ကလာပ်စည်းများရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။

(၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း

သီဟိုဠ်စေ့တွေမှာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓာတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ သံဓာတ်ချို့တဲ့ရင် မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်းတွေဖြစ်စေနိုင်ပြီး ရောဂါကူးစက်မှုတွေ ဝင်ရောက်နိုင်ဖို့လွယ်ကူစေပါတယ်။

(၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း

သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင် ကျောက်ခဲလိုလိုအနယ်အနှစ်တွေဖြစ်ပါတယ်။ သီဟိုဠ်စေ့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစေ့အဆံတွေကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။

(၉) ကိုယ်ခံအားကောင်းစေခြင်း

ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကို ထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓာတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။ ဒီဓာတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစအသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓာကိုယ်အနေအထားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။

(၁၀) အဆီပါဝင်မှု

သီဟိုဠ်စေ့မှာ ဗီတာမင်နဲ့ အာဟာရတွေအများကြီးပါဝင်တယ်ဆိုပေမယ့် အဆီဓာတ်ကလည်း များပါတယ်။ ဒါပေမယ့် ဒီအဆီတွေဟာလည်း အများစုက မပြည့်ဝဆီတွေနဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။
သီဟိုဠ်စေ့ရဲ့ ဘေးထွက်ဆိုးကျိုး

ကျောက်ကပ်ကျောက်တည်ခြင်း – သီဟိုဠ်စေ့မှာ ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်စုပ်ယူမှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ oxalate salts တွေပါဝင်ပါတယ်။ ကယ်လ်စီယမ်တွေကို မစုပ်ယူနိုင်ဘဲ စုပုံသွားရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သီဟိုဠ်စေ့ကို နည်းနည်းသာချင့်ချိန်စားသင့်ပါတယ်။

ဓာတ်မတည့်ခြင်း – ကျန်းမာရေးအကျိုးကျေးဇူးတွေများပေမယ့် အစေ့အဆံတွေနဲ့ဓာတ်မတည့်သူတွေအတွက်ကတော့ အန္တရာယ်ရှိနို်င်ပါတယ်။ သီဟိုဠ်စေ့နဲ့ သစ်ကြားသီးတို့လို အစေ့အဆံတွေကို ဓာတ်မတည့်မှုဟာ အနည်းအကျဉ်းဖြစ်ရင်ဖြစ်နိုင်သလို ပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့်တော့ အောက်ပါနောက်ဆက်တွဲ ပြဿနာတွေ ရှိလာစေနိုင်ပါတယ် –

  •     အစာအိိမ်နဲ့အူလမ်းကြောင်း ပြဿနာများ – တချို့မှာ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊ အော့အန်ခြင်း တို့ခံစားရတတ်ပါတယ်။
  •     အသက်ရှူလမ်းကြောင်းပြဿနာ– နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဒီထက်ပိုပြီးပြင်းထန်လာရင်တော့ glottis edema ဒါမှမဟုတ်  anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly