ရခိုင်ပြဿနာက မြန်မာ့သတင်းမီဒီယာကဏ္ဍအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေဟု ယူနက်စကိုတာဝန်ရှိသူ ပြော

ရခိုင်ပြဿနာက မြန်မာ့သတင်းမီဒီယာကဏ္ဍအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေဟု ယူနက်စကိုတာဝန်ရှိသူ ပြော
ဓာတ်ပုံ - သူရ/မဇျ္စိမ

 

ဒီဇင်ဘာ ရ ။                            ။ ရခိုင်ပြည်နယ်က အကျပ်အတည်း ပြဿနာက မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်လို ဖြစ်နေတယ်ဆိုပြီး ယူနက်စကိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ အကြီးအကဲ Min Jeong Kim က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ကျင်းပတဲ့ ခြောက်ကြိမ်မြောက် Media Development Conference ဖွင့်ပွဲအခမ်းအနားမှာ Min Jeong Kim က ပြောကြားရာမှာတော့ အမုန်းစကား တွေ၊ သတင်းတု သတင်းမှား တွေနဲ့ ဘက်လိုက်ရေးသားတင်ပြချက်တွေဟာ သမားရိုးကျမဟုတ်ဘဲ အမြောက်အမြား ပေါ်ထွက်နေခြင်းက ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ သတင်းမီဒီယာ ဖော်ပြချက်တွေအပေါ်မှာ အသွင်ဆောင် ဖော်ညွန်းနေလျက် ရှိပါတယ်ဆိုပြီး ပြောသွားပါတယ်။

" ဒါက တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ဖော်ပြနေတဲ့အကြောင်းအရာတွေက သဘောကွဲလွဲမှုတွေကို ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်" ဆိုပြီး Ms. Kim က ပြောသွားပ့ါတယ်။

" မီဒီယာဆိုတာက လူတွေကို အတူတကွ စုစည်းစေရမှာဖြစ်ပါတယ်၊ လူတွေကို သွေးကွဲစေဖို့ မဟုတ်ပါဘူး၊ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ မီဒီယာကဏ္ဍမှာ ကြံုတွေ့နေရတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်" လို့ သူမက ပြောသွား ပါတယ်။

မြန်မာ့ မီဒီယာကဏ္ဍအတွက် လိုအပ်နေတာက ဂျာနယ်လစ်ဇင် ကျင့်ဝတ်စည်းမျဉ်းငါးခု ဖြစ်တဲ့ မှန်ကန်မှု၊ လွတ်လပ်မှု၊ မျှတမှု၊ လူသားချင်းစာနာမှုနဲ့ တိကျပြတ်သားမှု တို့ကို စွဲကိုင်ထားဖို့ ဖြစ်ပါတယ်။

" မီဒီယာဆိုတာက ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နိုင်မယ့် အခြေအနေကို ဖွင့်လှစ်ဖန်တီးပေးဖို့ ဖြစ်ပါတယ်၊ လမ်းပိတ်ဖို့ မဟုတ်ပါဘူး" လို့ သူမ က ပြောပါတယ်။

ဂျာနယ်လစ်ဇင်ပိုင်းမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုတဲ့အကြောင်းကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး ဦးသီဟစောကလည်း အလေးပေးပြောသွားပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ ပါ၀င်နေတဲ့ အကြောင်းအရာတွေအပေါ် ၎င်းက မေးခွန်းထုတ်ခဲ့ပြီး ယင်းတို့ဟာ တစ်ခါတစ်ခါမှာ အလွန်အကျွံ ဘက်လိုက်ဖော်ပြမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

" ဆိုရှယ်မီဒီယာ ဆိုတာ သတင်းမီဒီယာလားဆိုတာကို မေးခွန်းထုတ်ဖို့ အချိန် ရောက်နေပါပြီ၊ ဘာလို့လဲ ဆိုတော့ အဲဒီမှာ အမုန်းစကားတွေ၊ အတည်မပြုနိုင်တဲ့ သတင်းတွေ၊ ကောလာဟလတွေနဲ့ တစ်ခါတစ်ခါ လူအများကို သဘောကွဲစေတဲ့ မက်ဆေ့ချ်တွေနဲ့ ပြည့်နှက်နေတဲ့အတွက်ကြောင့်ပါ" လို့ ၎င်းက ပြောပါတယ်။

မတူညီတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ မီဒီယာသုတေသန ပရောဂျက်တွေကနေ ရလာတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်သွားရမယ်ဆိုပြီးတော့လည်း အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီ ကောလိပ်မှာ ဂျာနယ်လစ်ဇင်ဘာသာရပ်ကို သင်ကြားပေးနေတဲ့ ဒေါက်တာ ဇင်မာကျော်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly