ကုလ၌ မြန်မာအား အရေးယူရေးအဆို ၁၄ နိုင်ငံ မထောက်ခံသဖြင့် အတည်မပြုနိုင်

ကုလ၌ မြန်မာအား အရေးယူရေးအဆို ၁၄ နိုင်ငံ မထောက်ခံသဖြင့် အတည်မပြုနိုင်

 

ရန်ကုန် ၊ ဒီဇင်ဘာ ရ ။                      ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တင်သွင်းသော အဆိုမူကြမ်းအား  ၃၃ နိုင်ငံက ထောက်ခံခဲ့သော်လည်း တရုတ်နိုင်ငံအပါအဝင် ၁၄ နိုင်ငံ မထောက်ခံသောကြောင့် ယင်းအဆိုအား အတည် မပြုနိုင် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ လူနည်းစုများနှင့် မူဆလင်အသိုက်အဝန်း၏ လူ့အခွင့်အရေး အခြေအနေ နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ခဲ့ရာ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံ ရှိသည့်အနက် ၁၄ နိုင်ငံမှ ထောက်ခံခြင်းမပြုခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် (၂၇) ကြိမ်မြောက်အထူးအစည်းအဝေးတစ်ရပ်ကို ဂျီနီဗာရှိ ကုလသမဂ္ဂရုံး အဆောက်အအုံ၌ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ကျင်းပနေခြင်းဖြစ်ပြီး  မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းကို အရေးယူ ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တင်သွင်းခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအဆိုမူကြမ်းသည်  ပြီးခဲ့သည့် နို၀င်ဘာ ၁၆ ရက်နေ့က (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ)၌  OIC မှ တင်သွင်းခဲ့သည့် အဆိုမူကြမ်းဖြစ်ပြီး ဘင်္ဂါလီ(ရိုဟင်ဂျာ) မွတ်စလင်များနှင့် အခြားလူနည်းစုအားလုံး၏ အခြေခံအခွင့်အရေးများ မြန်မာအစိုးရမှ ကာကွယ်ပေးရန် တိုက်တွန်းသည့် အချက်များ အဓိကပါ၀င်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယင်းအဆိုမူကြမ်းအား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ ပြန်လည်တင်သွင်းခဲ့ပြီး အဆိုမူကြမ်း၌ "ARSA ၏ အကြမ်းဖက် တိုက်ခိုက်ခြင်းကို ရှုတ်ချခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသကဲ့သို့ ဖြစ်နေကြောင်း၊ ခိုင်မာလုံလောက်သည့် သက်သေများမရှိဘဲ စွပ်စွဲချက် များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း" မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်း ကပြောသည်။

အဆိုပါ တင်သွင်းသည့် အဆိုမူကြမ်းကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့က မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ  ထောက်ခံမဲ (၃၃)မဲ၊ ကန့်ကွက်မဲ(၃)မဲ၊ ကြားနေမဲ (၉)မဲဖြင့် အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံဘက်မှ ကန့်ကွက်မဲပေးခဲ့ကြသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘူရွန်ဒီနိုင်ငံတို့ဖြစ်ကြသည်။

 ယင်းအတွက်ကြောင့် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် (၄၇)နိုင်ငံရှိသည့်အနက် (၁၄)နိုင်ငံက ထောက်ခံခြင်း မပြုခဲ့ကြသဖြင့် အဆိုမူကြမ်းမှာ တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်ဘက်မှ မည်ကဲ့သိုလုပ်ဆောင်သွားမည်ကို သိရှိလို၍ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

(အယ်ဒီတာမှတ်ချက် - ဤသတင်းကို နားလည်မှုလွဲမှားစွာ ဖေါ်ပြခဲ့ပါသည်။ ဤသတင်းနှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်ထားသည့် သတင်းကို ဤနေရာတွင် ဖတ်နိုင်ပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly