မြန်မာအပေါ် အရေးယူပိတ်ဆို့ခြင်းက အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ကြောင်း ICG သတိပေး

မြန်မာအပေါ် အရေးယူပိတ်ဆို့ခြင်းက အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ကြောင်း ICG သတိပေး
Photo: AFP

ဒီဇင်ဘာ ရ ။              ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အနောက်အုပ်စုအနေနဲ့ မလွှဲသာတဲ့ အနေအထားမှာ ရှိနေတယ်ဆိုပေမယ့်လည်း ယင်းလိုမျိုး ဆန်ရှင်ချမှတ်တဲ့ နည်းလမ်းက တကယ်တမ်းမှာတော့ အလုပ်ဖြစ်မှာတော့ မဟုတ်ကြောင်း နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က ထုတ်ပြန်သတိပေးသွားပါတယ်။

နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ကတော့ ကမ္ဘာတစ်ဝှမ်း စစ်ပွဲတွေ ဖြစ်မလာအောင် ကြိုတင်ဟန့်တားပေးပြီး ပိုမိုငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်မယ့် မူဝါဒတွေကို ဖော်ဆောင်ဖို့ လုပ်ကိုင်နေလျက်ရှိတဲ့ လွတ်လပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

" သံတမန် နည်းလမ်းအရ သွားတာက လိုချင်တဲ့ ရလဒ်တွေ ထွက်မလာနိုင်ဘူးဆိုပြီး ပိုမို လက်ခံလာသူများလာနေတာနဲ့အလျောက် အနောက်အုပ်စုနဲ့ မွတ်ဆလင်ကမ္ဘာက နိုင်ငံအများအပြားက   ပြည်သူတွေရဲ့ အမြင်ခံယူချက်တွေ ပိုမို ခက်ထန်လာနေတာကြောင့် ဥရောပနဲ့ အမေရိကန်တို့အနေနဲ့ မြန်မာအပေါ် ဆန်ရှင်တွေ မလွဲမရှောင်သာ ပြဌာန်းသတ်မှတ်ရဖို့ ရှိနေပုံ ရပါတယ်။ ဖြစ်ထားခဲ့တဲ့ကိစ္စတွေမှာ တာဝန်ရှိတဲ့သူတွေကို ဥပဒေအရ တာဝန်ခံခိုင်းရမယ်ဆိုတဲ့ စည်းချက်တွေဟာလည်း တစ်ဖြည်းဖြည်းနဲ့ ပိုပြီး မြိုင်ဆိုင်လာစရာ ရှိနေပါတယ်" လို့ ICG က ယခုနောက်ဆုံး ထုတ်ပြန်လာတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

သို့ပေသော်ငြားလည်း ယခုလို ဆန်ရှင်ချမှတ်ခြင်းက တကယ်တမ်းမှာတော့ ထင်ထားသလို အကျိုးဖြစ် ချင်မှ ဖြစ်လိမ့်မယ်ဆိုပြီး  ယင်းက သတိပေးချက်တစ်ရပ် ထုတ်ပြန်သွားပါတယ်။

" မူဝါဒချမှတ်သူတွေအနေနဲ့ တကယ့် လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေမှန်အတိုင်း အထူးသတိထားပြီး လုပ်ဆောင်သင့်ပါတယ်၊  ဆန်ရှင်ချမှတ်တာက မြန်မာနိုင်ငံမှာ ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖို့တော့ သိပ်အလားအလားမရှိလှပါဘူး" ဆိုပြီး ICG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

" တကယ်တမ်း အသေးစိတ်အချက်အလက်တွေပေါ်မူတည်ပြီး ပြောရမယ်ဆိုရင် မြန်မာအပေါ် ဆန်ရှင်ချတာက အခြေအနေတွေကို ပိုလို့တောင် ဆိုးသွားစေနိုင်ပါလိမ့်မယ်။ အရင်ကနဲ့ မတူတာက ဘာလဲဆိုတော့ ဆန်ရှင်တွေရဲ့ အရာထင်နိုင်မှုအလားအလာအပေါ် မတူညီတဲ့ မူဝါဒ ချဉ်းကပ်ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ပြည်တွင်းက အခြေအတင် ဆွေးနွေးတာတွေ ရှိမနေတာပါပဲ" လို့ ယင်းအစီရင်ခံစာမှာ ပြောထားပါတယ်။

ဆန်ရှင်တွေကနေ ရလာနိုင်ဖွယ် နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ မြန်မာအစိုးရ၊ စစ်တပ်နဲ့ ပြည်သူတွေအကြား အရင်ကထက် ပိုပြီးတော့တောင် နီးနီးကပ်ကပ် စုစည်းသွားစေနိုင်သလို အနောက်အုပ်စုဆိုတာ အပြောင်းအလဲမြန်ပြီး မယုံကြည်ရတဲ့ မိတ်ဘက်ပါ့တနာသာ ဖြစ်တယ်ဆိုတဲ့ လက်ရှိအချိန်မှာ ပြည်တွင်းမှာ လူပြောများနေတဲ့ အချက်ကိုပါ ပိုမိုအားကောင်းသွားစေနိုင်တယ်လို့ ယင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အနောက်အုပ်စုဘက်ကသာ ဝေဖန်ပြစ်တင်မှုတွေနဲ့ ဒဏ်ခတ်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာမယ်ဆိုရင် ဒါဟာ မြန်မာကို အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ပိုမိုနီးကပ်သွားအောင် တွန်းအားပေးလိုက်သလိုပဲ ဖြစ်လိမ့်မယ်ဆိုပြီး မြန်မာအစိုးရခေါင်းဆောင်တွေကလည်း ဘွင်းဘွင်းရှင်းရှင်း သတိပေးထားပြီး ဖြစ်တယ်လို့ ယင်းအစီရင်ခံစာမှာ ပြောထားပါတယ်။

၂၀၁၇ သြဂုတ် ၂၈ ရက်နောက်ပိုင်းကတည်းက ARSA အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင် Ata Ullah ရဲ့ ဗီဒီယိုတွေ ထပ်ပြီးထွက်ပေါ်မလာပုံ ထောက်ရင် ယင်းအဖွဲ့ဟာလည်း ဖြစ်ထားခဲ့တဲ့ ပြီးခဲ့တဲ့ ပြဿနာရဲ့ ဆိုးကျိုးတွေကို ခံစားနေရနိုင်ကြောင်း ယင်း ICG အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

သို့ပေမယ့်လည်း ယင်း ARSA အနေနဲ့ ပြန်လည်လူစုပြီး ဆက်လက်လှုပ်ရှားဖို့ စိတ်ပိုင်းဖြတ်ထားပုံတော့ ရတယ်လို့ ယင်း ICG က သတိပေးသွားပါတယ်။

" ARSA အဖွဲ့ရဲ့ စည်းရုံး စုဖွဲ့မှု ပုံစံတွေအရ ဆိုရင် ယခုအခါမှာတော့ ယခင် လုပ်ကိုင်ခဲ့တဲ့ နည်းလမ်းကနေ ခွဲထွက်လာနိုင်စရာ ရှိနေပါတယ်၊ ပြီးခဲဲ့တဲ့ ဖြစ်စဉ်တွေမှာတော့  ARSA အနေနဲ့ သူတို့ ကမ့်စခန်းတွေမှာ ယူနီဖောင်းဝတ် လက်နက်ကိုင် စစ်သွေးကြွအဖြစ် စုစည်းလှုပ်ရှားတာမျိုး လုပ်ထားထက် ကျေးရွာတွေမှာ လျို့ဝှက်အဖွဲ့ငယ်တွေအဖြစ် စည်းရုံးလှုပ်ရှားထားစေခဲ့ပါတယ်။ မွတ်ဆလင်လူငယ်တွေအပါအဝင် သြဇာရှိ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ ဦးဆောင်လှုပ်ရှားစေခဲ့ပါတယ်။ လူထုအကြားလည်း ထကြွပုန်ကန်မှုတစ်ရပ် ဖြစ်အောင် သွေးထိုးဖို့ ကြိုးစားခဲ့ပါတယ်၊ စစ်ရေးအင်အားထက်စာရင် မြောက်မြားလှတဲ့ သာမန် ရွာသားတွေကို လယ်ယာသုံး လက်နက်တွေ ကိုင်စေပြီး ရဲကင်းစခန်းတွေကို စီးနင်းခိုင်းဖို့ ကြိုးစားခဲ့ကြပါတယ်" လို့ ICG က ဆိုပါတယ်။

ဒါပေမယ့် လက်ရှိကာလမှာတော့ ယင်းဒေသမှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) ကျေးရွာအရေအတွက်အနည်းငယ်ပဲ ကျန်ရှိနေတဲ့အတွက် အရပ်သားတွေကို အကာအကွယ်ယူ လှုပ်ရှားမှု ပုံစံများ ထပ်လုပ်မလာနိုင်ဘူးလို့ ယူဆရပါတယ်၊ အဖွဲ့ရဲ့ စည်းရုံးရေးမှူးတွေ၊ တိုက်ခိုက်ရေးသမားတွေဟာလည်း ခုဆိုရင် ဘင်္ဂလားဒေ့ရှ် ကမ့်စခန်းတွေမှာ ရောက်နေကြပါပြီ" လို့လည်း ICG အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။

" အဲဒါကြောင့် ဒီအဖွဲ့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဘက် ပြောင်းလုပ်လာနိုင်ပါတယ်၊ ဒီလိုလုပ်ဖို့အတွက် အမျိုးမျိုးသော လေ့ကျင့်သင်ယူမှုတွေအပြင် လက်နက်တွေ ရရှိဖို့၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ လှုပ်ရှားမယ့် နေရာတစ်ခုရဖို့ပါ လိုအပ်ပါလိမ့်မယ်၊ ခုချိန်မှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာအပေါ် ဒေါသထွက် အားမလိုအားမရဖြစ်လာနေပုံအရထောက်ရင် အဲဒီလို လှုပ်ရှားဖို့ နေရာ ရဖို့အတွက်ကတော့ လက်တွေ့ဖြစ်လာကောင်းဖြစ်သွားနိုင်ပါသေးတယ်၊ တကယ်လို့ ARSA ဘက်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ လုပ်လာရင် ယင်းတို့ဟာ ရခိုင်မြောက်ပိုင်းက လုံခြံုရေး ပစ်မှတ်တွေကို ရည်ရွယ်နိုင်သလို ဘင်္ဂလီမြေနေရာတွေပေါ်မှာ အခြေချနေတဲ့ မွတ်ဆလင်မဟုတ်တဲ့ ရွာသားတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ပါတယ်" လို့ ICG က ဆိုပါတယ်။

ဒါ့အပြင် လူ့အသိုင်းအဝိုင်းအကြား ပိုမိုသွေးကွဲစေဖို့အတွက်ပါ ARSA အနေနဲ့ ရည်ရွယ်လုပ်ဆောင်နေနိုင်ကြောင်းလည်း သိရပါတယ်။

သို့ရာတွင် ICG ၏ ယခုအစီရင်ခံစာထဲတွင် ရှိတ်ဟာစီနာ အစိုးရ၏ တင်းကြပ်မာထန်တဲ့ မူဝါဒများ၊  ဘင်္ဂါလီ ဒုက္ခသည်များကို တံခါးဖွင့်ပေးထားသော်လည်း ARSA အဖွဲ့ကို အမြစ်ပြတ်သုတ်သင်မည်ဟု ပြောကြားထားမှုများကို ထည့်တွက် ဖော်ပြခဲ့ခြင်း မရှိပေ။

ဘင်္ဂလားဒေ့ရှ် ဂျီဟတ်အုပ်စု JMB ၊ အိန္ဒိယ၏ Mujahideen နဲ့ ပါကစ္စတန်ရှိ Laskhar-e-Tayyaba တို့နဲ့ ARSA တို့ အကြား ဆက်သွယ်ချိတ်ဆက်ထားသည့် သတင်းများ အခိုင်အမာ ရထားကြောင်း ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေး အဖွဲ့က ပြောထားပါတယ်။

တကယ်တော့ ARSA အဖွဲ့ဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယတို့ရဲ့ ဘုံရန်သူဖြစ်တယ်လို့ ၀န်ကြီးချုပ် ဟာစီနာရဲ့ နိုင်ငံရေးအကြံပေး H T Imam ကလည်း မဇျ္စိမနဲ့ တွေ့ဆုံစဉ် ပြောကြားထားခဲ့ပါသေးတယ်။ ယင်းအပြင် အဆိုပါ ARSA အဖွဲ့ကို တိုက်ထုတ်ဖို့ မြန်မာနဲ့အကြား စစ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ဒါကာဘက်က ကမ်းလှမ်းအဆိုပြုထားပါသေးတယ်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ထောက်လှမ်းရေးအေဂျင်စီတွေထဲက အစ္စလမ္မစ် အင်အားစုတွေဟာ ARSA အပေါ် စာနာသနားမှုများ ရှိနိုင်တယ်ဆိုသော်ငြားလည်း ၀န်ကြီးချုပ် ဟာစီနာအစိုးရကတော့ ယင်းအကြမ်းဖက်အဖွဲ့ကို ညှာတာပေးဖို့ လုံ့ဝ ရှိမနေပါဘူး။

တကယ်တော့ ဘင်္ဂါလီ ထကြွမှု ပြဿနာကို မီးထိုးပေးခဲ့သူက ကွယ်လွန်သွားပြီ ဖြစ်တဲ့ ယခင် စစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး Ziaur Rahman ဖြစ်တယ်ဆိုပြီး မကြာသေးမီကပဲ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က အပြစ်ဖို့ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly