သင့်ရဲ့လက်တွဲဖော်နဲ့ လိင်မှုရေးရာအကြောင်း ဘယ်လိုဆွေးနွေးမလဲ

သင့်ရဲ့လက်တွဲဖော်နဲ့ လိင်မှုရေးရာအကြောင်း ဘယ်လိုဆွေးနွေးမလဲ

 ရေးသားသူ Aye Thi Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win. 

ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းအရာမှန်သမျှ တခြားသူကို ပေးမသိဘဲ လျှို့ဝှက်ထားသင့်တယ်ဆိုပေမယ့် ဘဝလက်တွဲဖော်ရယ်လို့ ရှိလာပြီဆိုရင်တော့ ပြောသင့်ဆိုသင့်တဲ့ကိစ္စတွေ အထူးသဖြင့် အိမ်ထောင်မှုကိစ္စတွေကို နှစ်ဦးနှစ်ဖက် ညှိနိုှုင်း တိုင်ပင်တာက ပျော်ရွှင်သာယာတဲ့ ဆက်ဆံရေး ဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ မြန်မာ့လူနေမှုပုံစံမှာ လိင်မှုရေးရာ ကိစ္စတွေဆိုတာက ပြောဆိုဖို့ မသင့်တဲ့အရာတွေအဖြစ် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားလို့ ဒီအကြောင်းအရာမျိုးတွေ ပွင့်ပွင့်လင်းလင်းပြောဖို့ဆိုတာ ခက်ခဲပါတယ်။  ဒီအတွက် လိင်မှုရေးရာကိစ္စတွေ ဘယ်လိုပြောဆိုကြမလဲဆိုတာ ဒီဆောင်းပါးက အကြံပေးထားပါတယ်။

ပွင့်ပွင့်လင်းလင်းရှိပါ။

တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲရှိတာ သိဖို့ဆိုတာမလွယ်ပါဘူး။  တစ်ခါတလေမှာ လူတွေဟာ သူတို့ရဲ့လက်တွဲဖော်တွေကသူတို့ကို တကယ်မချစ်ဘူး၊ဂရုမစိုက်ဘူးလို့ ထင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါမျိးတွေမဖြစ်စေဖို့နဲ့ နှစ်ဦးကြားဆက်ဆံရေး အဆင်ပြေစေဖို့အရေးကြီးဆုံးက  ပွင့်ပွင့်လင်းလင်းရှိဖို့ပါ။

သူ့အကြိုက် ကိုယ့်အကြိုက်  ဆွေးနွေးပါ။

လိင်မှုရေးရာကိစ္စမှာ တစ်ဦးနဲ့တစ်ဦး ဘယ်အကျင့်တွေကို ကြိုက်တယ်။ ဘယ်လိုဟာမျိုးတွေကို တော့ဖြင့်မကြိုက်ဘူးဆိုတာကို ပြောပြာထားဖို့လိုပါတယ်။ မြန်မာအမျိုးသမီးအများစုက လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့  နှုတ်မရဲတာတွေ၊ ရှက်ရွံ့တာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက ပြောမှသိနိုင်တာမျိုးတွေပါ။ ဒီလိုဆွေးနွေးပြီး သူ့အကြိုက် ကိုယ့်အကြိုက် သိအောင်လုပ်ထားမှသာ ချစ်ခရီးလမ်းမှာ သာယာပျော်ရွှင်စရာကောင်းပါလိမ့်မယ်။

အကောင်းမြင်စိတ်နဲ့ကြည့်ပါ။

အကောင်းမြင်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ ကောင်းကွက်တွေကို အမြဲတွေးပေး တာက နှစ်ဦးကြား ပိုနီးစပ်စေနိုင်မှာဖြစ်ပြီး လိင်မှုဘဝမှလည်း ပိုအဆင်ပြေစေမှာပါ။   အပြုသဘောရှိမှသာ အားနည်းချက်လေးတွေကို ဖြည့်တွေးပေးနိုင်တာကြောင့် ပိုပြီး အဆင်ပြေအောင်ပျော်ရွှင်သော လိင်မှုဘဝဖြစ်လာနိုင်မှာပါ။

လိင်မှုရေးရာအကြောင်း ပုံမှန်ဆွေးနွေးပါ။

မိမိအဖော်နဲ့   လိင်မှုရေးရာအကြောင်းကို ပုံမှန်ဆွေးနွေးတဲ့ အလေ့အကျင့်ရှိဖို့လိုပါတယ်။  လိင်ဆက်ဆံမှုကနေရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလိုမျိုးကိစ္စတွေနဲ့ လိင်မှုရေးရာပညာပေးဆောင်းပါးတွေအကြောင်းဆွေးနွေးတာမျိုးတွေလုပ်နိုင်ပါတယ်။ ဒီလိုမျိုးဆွေးနွေးတာက စိတ်ကျေနပ်မှုရှိပြီး ပျော်ရွှင်တဲ့ ဆက်ဆံရေးကိုရရှိစေနိုင်ပါတယ်။   ရုပ်ရှင်တွေအကြောင်းပြောရင်းဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရင်းဖြစ်ဖြစ်ကနေအစပြုပြီးတော့လည်း လိင်မှုရေးရာအကြောင်းတွေဆွေးနွေးလို့ရပါတယ်။  နှစ်ယောက်အတူတူရုပ်ရှင်ကြည့်တာက နှစ်ဦးကြား လိင်မှုရေးရာနဲ့ပတ်သက်ပြီး ပွင့်ပွင်းလင်းလင်းဆွေးနွေးလို့ရစေနိုင်ပါတယ်။  ပွင့်လင်းတဲ့ လိင်မှုရေးရာဆွေးနွေးမှုတွေက လိင်ဆက်ဆံမှုအပေါ် ရင်ခုန်စိတ် လှုပ်ရှား စေနိုင်ပြီးပျော်ရွှင် ကြည်နူးစေပါတယ်။

အဆင်သင့်ဖြစ်တဲ့အချိန်အထိသားဆက်ခြားထားဖို့ဆွေးနွေးပါ။

ကလေးယူဖို့အဆင်သင့်ဖြစ်တဲ့အချိန်ထိ ဘယ်သားဆက်ခြားနည်းက နှစ်ဦးစလုံးအတွက် အဆင်ပြေစေမလဲဆိုတာတိုင်ပင်ပါ။  မိဘဖြစ်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်ထိ သင့်လျာ်မယ့် သားဆက်ခြားနည်း တစ်ခုခုသုံးဖို့ ရွေးချယ်တဲ့အခါမှာလည်း စိတ်တူကိုယ်တူနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင် ရွေးချယ်သင့်ပါတယ်။

ရွေးချယ်စရာ သားဆက်ခြားနည်းတွေဟာ စျေးကွက်တွင်းမှာ အမျိုးမျိုး ရှိနေပါ တယ်။ဟော်မုန်း ပါနည်းလား /ဟော်မုန်းကင်းနည်းလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဟော်မုန်းပါနည်းတွေဆို (၃)လခံထိုးဆေး ၊နေ့စဉ်သောက်ဆေးနဲ့ လက်မောင်းတွင်းထည့်သားဆက်ခြားနည်းတို့ဖြစ်ပါတယ်။ ဟော်မုန်းကင်းနည်းတွေကတော့ ကွန်ဒုံးသုံးခြင်းနဲ့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကြေးနီ IUD တို့ဟာ မြန်မာနိုင်ငံမှာ  တော်တော်များများသုံးတဲ့ သားဆက်ခြား နည်းတွေဖြစ်ပါတယ်။ Lydia အမှတ်တံဆပ်ပါ သားဆက်ခြားနည်းတွေကို သင်ယုံကြည်ရာ ကျန်းမာရေးစောင့်ရှောက်သူနဲ့တိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်။

မြန်မာလူမျိုးတွေဟာ အရှက်အကြောက်ကြီးလို့ လိင်မှုဆက်ဆံရေးကိစ္စတွေဟာ ပွင့်လင်းစွာ ပြောဆိုရမယ့်အရာတွေအဖြစ် မသတ်မှတ်ကြပါဘူး။ တကယ်တော့ လိင်မှုဆက်ဆံရေးကိစ္စတွေမှာ အခုလိုနှစ်ဦးနှစ်ဖက်   တိုင်ပင်ဆွေးနွေးမှ ကျန်းမာပျော်ရွှင်တဲ့ ချစ်ခရီးလမ်းဖြစ်လာမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly