သာစည်တွင် ခရီးသည်အမျိုးသမီးနှစ်ဦးထံမှ ကျပ်သိန်း ၄၅ဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

သာစည်တွင် ခရီးသည်အမျိုးသမီးနှစ်ဦးထံမှ ကျပ်သိန်း ၄၅ဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ
ဓာတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၆ ။            ။ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ မုံပင်ကျေးရွာ မိုင်တိုင် (၄ဝ/၇-၆) ကြား၊ တောင်ကြီး- ရန်ကုန်သွားကားလမ်းမပေါ်တွင် ခရီးသည်အမျိုးသမီးနှစ်ဦးထံက ကျပ်သိန်း ၄၅ဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တောင်ကြီး- ရန်ကုန်သွားကားလမ်းမပေါ်တွင် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဒီဇင်ဘာလ ၅ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ဆေးနေစဉ် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးနှစ်ဦးထံက အဆိုပါ စိတ်ကြွ ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ တောင်ကြီးကနေ ရန်ကုန်ကိုသွားတဲ့ ခရီးသည်ကားပေါ်ကနေ မနာမီးရှဲနဲ့ မနာအီဆိုတဲ့ ခရီးသည်အမျိုးသမီး နှစ်ဦးရဲ့ ခရီးဆောင်အိတ်တွေထဲက စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တာပေါ့။ နောက် သူတို့ နှစ်ဦးကို စစ်ဆေးတဲ့ အခါကျတော့ သူတို့ရဲ့ခါးမှာ တိပ်နဲ့ပတ်ပြီး ဝှက်ပြီး သယ်လာတဲ့ စိတ်ကြွဆေးပြားတွေရော ဖမ်းဆီးရမိခဲ့တာပေါ့။ စိတ်ကြွဆေးပြား စုစုပေါင်းက ၉ဝဝဝဝ ပြား ဖမ်းမိခဲ့တာပါ” ဟု သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူ အသက် ၂၃ နှစ်အရွယ် မနာမီးရှဲနှင့် အသက် ၂၆ နှစ်အရွယ် မနာအီဆိုသူတို့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်လွိုင်ကျေးရွာတွင် နေထိုင်သူ များဖြစ်ပြီး ၄င်းတို့နှစ်ဦးထံမှ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား ၉ဝဝဝဝ ပြားမှာ အလေးချိန် ၉ ကီလို ဂရမ်ခန့်ရှိကာ ဒေသပေါက်စျေး တစ်ပြားလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၄၅ဝဝ တန်ဖိုးရှိ ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးထံက စိတ်ကြွဆေးပြားများအပြင် လက်ကိုင်ဖုန်း ၂ လုံး၊ ငွေကျပ် ၁၁၅ဝဝဝ တို့ကိုပါ သိမ်းဆည်းခဲ့ပြီး လက်ရှိတွင် ယင်းမာပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly