ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အကောင်ထည်ဖော်မှု အခြေအနေအပေါ် သုံးသပ်မှု အပိုင်း (၂)

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အကောင်ထည်ဖော်မှု အခြေအနေအပေါ် သုံးသပ်မှု အပိုင်း (၂)

 

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။           ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီမံကိန်းများ လုပ်ကိုင်ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းနေတယ် ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်က အစိုးရအဖွဲ့ကို စီမံကိန်းများ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ထောက်ပြပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး ၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို မဇ္စျိမသတင်းထောက် ဇေယျာမော်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။    ။ အခုဆို YBS နဲ့ ပတ်သက်ပြီးမီဒီယာတွေကို မေးမြန်းခွင့် ပိတ်ထားတယ်လို့ကြားတယ်။ ဆိုတော့ အစိုးရအဖွဲ့ရဲ့ ပွင့်လင်းမြင်သာမှုက ဘယ်လိုမျိုးလဲ။

ဖြေ။       ။ အန်ကယ်အနေနဲ့ ပြောရရင် ဒီကိစ္စတွေကိုလည်း ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်။ အမှန်က မီဒီယာစင်တာတောင် ထားပေးရတယ်လေ။ အခု မပြောရဘူးဆိုတော့ ဆုတ်ယုတ်သွားတာပေါ့။ YRTA က တကယ်ကို ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို မီဒီယာတွေနဲ့ ပေါင်းပြီးလုပ်ပေးရမှာ ဖြည့်ဆည်းပေးရမှာလေ။ ပွင့်လင်းမြင်သာမှုနဲ့ ပြောရရင် မကောင်းဘူးပေါ့။

မေး။    ။ လွှတ်တော်ထဲမှာ မေးခွန်းမေးခွင့်မရှိတာတွေ အဆိုတင်လို့မရတာတွေ ရှိတယ်လို့ကြားထားတာရှိတယ်။ ဆိုတော့ အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အပေါ် လွှမ်းမိုးမှုရှိနေလား။

ဖြေ။       ။ အန်ကယ်အမြင်ပြောရရင်တော့ လွှမ်းမိုးမှုရှိနေသလို ဖြစ်နေတယ်။ အန်ကယ်က ပြတ်ပြတ်သားသား ပြောတာ၊ လွှမ်းမိုးမှု ရှိနေတယ်၊ လွှမ်းမိုးနေသလိုဖြစ်နေတယ်။

မေး။    ။ ရန်ကုန်တိုင်းလွှတ်တော်အနေနဲ့ အစိုးရကို ဒီမိုကရေစီဘဘောတရားအရ အပြန်အလှန် ထိန်းကျောင်းမှု လုပ်နိုင်ရဲ့လား။

ဖြေ။       ။ အပြန်အလှန်ထိန်းကျောင်းမှုပြုလုပ်နိုင်လားဆိုတော့ ပြုတော့ ပြုလုပ်နိုင်တယ်။ ဒါပေမယ့် ရာခိုင်နှုန်း တအားနည်းတယ်။ ဥပမာ အန်ကယ်တို့မေးခွန်းမေးတယ်၊ မြို့တော်ဝန်က ဖြေရမယ့်ဟာဆိုရင် မြို့တော်ဝန်က ပြည်ပခရီးစဉ်တွေရှိတဲ့အခါ သူလာမဖြေနိုင်ဘူး။ တခြား တာဝန်ရှိတဲ့ဝန်ကြီးတွေလာဖြေတယ်။ အန်ကယ်တို့က ထပ်ဆင့်မေးလိုက်တယ်၊ ၀န်ကြီးက သူဌာနမဟုတ်တော့ မဖြေနိုင်ဘူး၊ အဲ့ဒါလေးတွေအားနည်းတာပေါ့။ ပြီးခဲ့တဲ့ရက်ကပဲ ဖြစ်သွားပြီ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထမေးတယ်၊ ၀န်ကြီးက အဲ့မေးခွန်းကို မလေ့လာရသေးဘူး။ ၀န်ကြီးမသိဘူး၊ သူဖြေရမယ့်ဟာ သူမသိဘူး။ ကိုယ်စားလှယ်ကမေးလိုက်တယ် ၀န်ကြီးမှာအဆင်သင့်မဖြစ်ဘူး။ ကျန်တဲ့ဟာတော့ထားတော့ သူတို့ဖြေမယ့်ဆိုပြီးဖြေတဲ့မေးခွန်း ၊ ကြိုပြီးပေးထားတဲ့မေးခွန်း ၊ ဒီနေ့ ဖြေပါ့မယ်ဆိုတဲ့ အာဂျင်ဒါထဲမှာလဲ ပါပြီးသားတောင် သက်ဆိုင်ရာဝန်ကြီးက အဆင်သင့်မဖြစ်ဘူး။ ကျန်တာတော့ တွေးကြည့်တော့ ဒါလက်တွေ့ပါပဲ။

မေး။    ။ ဖြည့်ဆွက်ပြောချင်တာမျိုးရော ရှိလား။

ဖြေ။       ။ လက်တွေ့လုပ်ရတဲ့ အစိုးရလဲအခက်အခဲတော့ ရှိတာပေါ့လေ။ အန်ကယ်တို့ မဖြစ်မနေ အောင်မြင်အောင်တော့ လုပ်ရမှာပဲ။ ဇွဲမလျှော့ပါဘူး၊ အစိုးရကိုလဲ အပုပ်ချနေတာမဟုတ်ဘူး။ အန်ကယ်တို့က ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ ပြည်သူလူထုလဲ သိစေချင်တယ်။ YBS စနစ်ကြီးဆိုလဲ အောင်မြင်စေချင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ဖို့အတွက် လွှတ်တော်နဲ့ အစိုးရ ဘယ်သူက ပိုအရေးကြီးလဲဆိုရင် အစိုးရပိုအရေးကြီးတယ်။ သက်ဆိုင်ရာအစိုးရရဲ့ လုပ်တာကိုင်တာ ကောင်းနေရင် လွှတ်တော်ကအေးဆေးပဲ။ အဆင်ပြေသွားမှာပဲ။ အုပ်ချုပ်ရေးပိုင်းက ပိုအရေးကြီးတယ်။လွှတ်တော်ကတော့ ထောက်ပြသွားမှာပဲ။ ဥပဒေပြုရေးဆိုပေမယ့် အပြန်အလှန် ထိန်းကျောင်းသွားမှာပဲ။ ကြိုးစားသွားမှာပဲ။ အခုပြောတာတွေကလည်း အပြုသဘောပြောတာလို့ပဲ ပြောချင်ပါတယ်။

အင်တာဗျူးအပိုင်း(၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://www.mizzimaburmese.com/article/34993

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly