ကလေးဆံသားကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

ကလေးဆံသားကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကလေးတွေကို မွေးလာချိန်ကစလို့ အရွယ်ရောက်လာတဲ့အချိန်အထိ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံသားကလည်းတစ်ခုအပါအဝင်ပါ။ ကလေးငယ်လေးတွေရဲ့ဆံသားလေးတွေက နူးညံ့လွန်းတာကြောင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုပါတယ်။

ကလေးတွေဟာမိခင်ဝမ်းထဲကနေ မွေးလာကတည်းက နူးညံ့တဲ့ဆံသားလေးတွေနဲ့အတူမွေးဖွားလာတာဖြစ်ပြီး ဒီဆံသားလေးတွေကို စနစ်တကျထိန်းသိမ်းပေးမှ ကျန်းမာတဲ့ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်တဲ့ ဘေဘီလေးတွေဖြစ်လာမှာပါ။

မိဘတော်တော်များများက ကလေးလေးတွေရဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဂဃနဏမသိကြပါဘူး။ ဒီတစ်ခါကတော့ဘေဘီလေးတွေရဲ့ ဆံသားကိုဘာကြောင့်စောင့်ရှောက်ပေးဖို့ လိုတာလဲဆိုတာနဲ့ ဘယ်လိုစောင့်ရှောက်ပေးသင့်လဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။

ကလေးဆံပင်အကြောင်း တစေ့တစောင်း

ကလေးငယ်လေးတွေရဲ့ ဆံသားက အသက်အရွယ်နဲ့ဆံပင်အမျိုးအစားကိုလိုက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆံသားသဘာဝချင်းမတူကြပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ် ဘယ်လိုဆံသားအမျိုးအစားမျိုးပဲဖြစ်ဖြစ် ပုံမှန်ခေါင်းလျှော်ပေးဖို့လိုသလို ဆံပင်ဆီလိမ်းတာ၊ ခေါင်းဖြီးပေးတာနဲ့ ဆံပင်ရှည်လာတဲ့အခါ ညှပ်ပေးဖို့လိုတာချင်းကတော့ တူတူပါပဲ။ ကလေးရဲ့ ဆံသားရော ဦးရေပြားကပါ နူးညံ့ထိခိုက်ထိခိုက်လွယ်တာကြောင့် သေသေချာဂရုစိုက်ဖို့တော့လိုပါတယ်။

ကလေးငယ်လေးတွေကို ငယ်စဉ်ကျောင်းနေအရွယ်ကစပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကဘယ်လောက်အထိအရေးကြီးလဲဆိုတာကို သင်ကြားပေးဖို့လိုပါတယ်။ ခေါင်းကို သန့်ရှင်းအောင်ထားတတ်တဲ့အလေ့အကျင့်ကိုလည်းမွေးမြူပေးဖို့လိုပါတယ်။ ကလေးတွေက ကျောင်းစတက်တဲ့အရွယ်ရောက်လာပြီဆိုရင် ကလေးကို ပုံမှန်ခေါင်းလျှော်တာမျိုးလုပ်ပေးဖို့လိုပါမယ်။ အားကစားလုပ်ပြီးတဲ့အခါမျိုး ရေကူးပြီးတဲ့အခါမျိုးမှာ ကလေးရဲ့ ဆံပင်ကို လျှော်ပေးနိုင်ရင်တော့အကောင်းဆုံးပါ။

ကလေးဆံသားကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ပေးမလဲ

ကလေးကို ခေါင်းလျှော်ပေးပါ။ ကလေးငယ်ရဲ့ဆံပင်ကို နေ့တိုင်းလျှော်ပေးဖို့တော့မလိုပါဘူး။ အထူးသဖြင့်တော့ မွေးကင်းစ ကလေးငယ်တွေကို ခေါင်းနေ့တိုင်းလျှော်စရာ မလိုပါဘူး။ ခေါင်းလျှော်ပေးရင်လည်း ခပ်မြန်မြန်လျှော်ပေးဖို့လိုပါလိမ့်မယ်။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ မျက်လုံးမစပ်စေမယ့် ခေါင်းလျှော်ရည်မျိုးကိုရွေးချယ်ဝယ်ယူဖို့လည်း သတိရပါ။ ခေါင်းလျှော်ပေးတဲ့အခါ ကလေးဦးရေပြားကို ညင်ညင်သာသာနှိပ်ပေးတာကလည်း ကလေးဆံသားနဲ့ဦးရေပြားကျန်းမာရေးအတွက်ကောင်းပါတယ်။

ကလေးဆံပင်ကိုု နူးညံ့တဲ့ ဝက်မှင်ဘီး ဒါမှမဟုတ်ဘီးခက်ကျဲကျဲနဲ့ ဖြည်းဖြည်းချင်းဖြီးပေးရပါမယ်။

ကလေးငယ်ရဲ့ ဆံပင်တွေကို စည်းတာမျိုး၊ ခေါင်းမှာ သရေကြိုးနဲ့လုပ်ထားတဲ့ ခေါင်းပတ်လိုမျိုးအရာတွေတပ်ပေးတာမျိုးမလုပ်ပါနဲ့။ ကလေးဆံပင်တွေတင်းတင်းကျပ်ကျပ်စည်းနှောင်ခံရပြီး ကျွတ်ထွက်နိုင်တာကြောင့်ပါ။

ကလေးဦးရေပြားကို အာဟာရဖြည့်ပေးနိုင်မယ့် အုန်းဆီ၊ထောလပတ်ဆီလိုမျိုး ဆံသားအားဖြည့်နိုင်တဲ့ ဆီတစ်မျိုးမျိုးလူးပေးပါ။

ဆံပင်ကိုနေ့တိုင်း ရှင်းလင်းပေးပါ။

ဆံပင်ရှည်လာတိုင်း ညှပ်ပေးပါ။

ကလေးဆံသားကို ထိန်းသိမ်းပေးသင့်တဲ့အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ

ဗောက်ကင်းစေနိုင်ပါတယ်

ကလေးရဲ့ ဆံပင်ကို တစ်ပတ်ကို (၂ )ကြိမ်လျှော်ပေးရင်လုံလောက်ပါပြီ။ ကလေးကိုခေါင်းလျှော်ပြီးတဲ့အခါတိုင်းမှာ ရေစင်အောင်သုတ်ပေးပြီး ဆံပင်ခြောက်သွားတဲ့အခါ ဦးရေပြားအထိရောက်အောင် သံလွင်ဆီ၊အုန်းဆီလိုမျိုး ဦးရေပြားနဲ့ ဆံသားကို အာဟာရဖြည့်ပေးတဲ့ ဆီတစ်မျိုးမျိုးလူးပေးရပါမယ်။ ဒီလိုလုပ်ပေးတာက ကလေးဆံပင်ကို သန်စေနိုင်သလို ဗောက်လည်းကင်းစေမှာဖြစ်ပါတယ်။

မွေးကင်းစဆံပင်ကျွတ်တာကို သက်သာစေနိုင်ခြင်း

ကလေးလေးတွေကဆံပင်မကျွတ်ဘူးလို့မထင်ပါနဲ့။ သူတို့လေးတွေလည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဟော်မုန်းပြောင်းလဲတာကြောင့်ဆံပင်ကျွတ်တာပါ။ ကလေးရဲ့ဆံပင်ကိုလိုအပ်တဲ့ စောင့်ရှောက်မှုလုပ်ပေးခြင်းဖြင့် ကလေးဆံပင်ကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

ဆံပင်ရှုပ်ထွေးမှုကင်းစေနိုင်ခြင်း

ကလေးရဲ့ဆံပင်ကို နေ့စဉ်ဂရုစိုက်ရှင်းလင်းပေးဖို့လိုအပ်ပါတယ်။ကလေးတွေက အိပ်နေရတဲ့အချိန်များတာကြောင့် ဆံပင်ရှုပ်ထွေးတာမျိုးဖြစ်တတ်ပါတယ်။ ဆံပင်ရှုပ်ထွေးတဲ့အခါ မလိုအပ်ဘဲ ဆံပင်ကျွတ်တာ၊ ဦးရေပြားနာကျင်တာမျိုးခံစားရနိုင်ပါတယ်။ ကလေးဆံသားကိုနေ့စဉ်ဖြီးပေးတာ၊လိုအပ်တဲ့စောင့်ရှောက်မှုတွေလုပ်ပေးတာက ကလေးရဲ့ဆံပင်တွေရှုပ်ထွေးတာကို သက်သာစေမှာပါ။

Cradle Cap (ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသောပြဿနာ)ကို ကာကွယ်ပေးခြင်း

ကလေးတွေမှာအဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဦးရေပြားမှာ အဖတ်လေးတွေလန်ပြီး အနီရောင်အကွက်လေးတွေဖြစ်နေတာပါ။ အရမ်းကြီးတော့မစိုးရိမ်ရပါဘူး။ ကလေးကိုရေမချိုးခင်မှာ သံလွင်ဆီ ဒါမှမဟုတ် baby oil ကိုခြောက်နေတဲ့အရေပြားပေါ်မှာ လူးပေးပြီးနှိပ်ပေးရင် သက်သာနိုင်ပါတယ်။ ကလေးဆံပင်ကို အပျော့စားခေါင်းလျှော်ရည်သုံးပြီးလျှော်ပေးလို့လည်းရပါတယ်။

သန်းကင်းစေနိုင်ခြင်း

ကလေးလေးတွေရဲ့ ခေါင်းပေါ်မှာ သန်းတွေဖြစ်လေ့ရှိပါတယ်။ ကလေး ၅ ယောက်မှာ ၁ ယောက်လောက်ကတော့ခေါင်းမှာ သန်းတွယ်တတ်ကြပါတယ်။ ကလေးအချင်းချင်းနီးနီးကပ်ကပ်ထိုင်တာ၊ အတူတူကစားတာ၊ အတူတူအိပ်တာတွေကြောင့် သန်းကူးနိုင်ပါတယ်။ ဒါပေမယ့် ခေါင်းကိုပုံမှန်လျှော်ပေးမယ်၊ ဆီလိမ်းပေးမယ်၊ ခေါင်းဖြီးပေးတာတွေပုံမှန်လုပ်ပေးမယ်ဆိုရင် ကလေးကိုသန်းကင်းစေနိုင်မှာပါ။

အခေုလောက်ဆို ဖေဖေမေမေတို့လည်း ဘာကြောင့် ကလေးတွေရဲ့ ဆံသားကိုထိန်းသိမ်းသင့်တာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ ဖေဖေမေမေတို့လည်း ကိုယ့်ရင်သွေးလေးတွေရဲ့ ဆံသားကို ဒီနေ့ကစပြီး မှန်ကန်တဲ့ထိန်းသိမ်းစောင့်ရှောက်နည်းတွေနဲ့စောင့်ရှောက်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသောပိုင်ရှင်လေးတွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြပါစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly