စွန့်ပစ်ခံ အဖိုးအဖွားတို့အတွက် နားခိုဖို့ တစ်ကိုယ်တော်ဆောင်ရွက်နေသူ

စွန့်ပစ်ခံ အဖိုးအဖွားတို့အတွက် နားခိုဖို့ တစ်ကိုယ်တော်ဆောင်ရွက်နေသူ

 

နေရာဒေသအသီးသီးက အတိဒုက္ခရောက်နေသူ၊ စိတ်ကျန်းမာရေးချို့တဲ့သူ စွန့်ပစ်ခံ အဖိုး၊ အဖွားတွေနှင့် ကလေးငယ်တွေကို ကူညီပေးနေတာ ၅ နှစ်ရှိပြီလို့  အသက် ၂၅ နှစ်အရွယ် မယဉ်မွန်က ပြောပါတယ်။ သူတို့ကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာရှိတဲ့ ဘိုးဘွားရိပ်သာတွေကိုပို့ဆောင်ပေးပြီး၊ စိတ်ကျန်းမာရေးချို့တဲ့ပါက ဆေးရုံကို ပို့ဆောင်ပေးနေတာ ဖြစ်သလို ဒီအလုပ်တွေကို တစ်ကိုယ်တော် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

မေး။ ။ အစ်မက ဘယ်နေရာ၊ ဘယ်ဒေသကဖြစ်ဖြစ် စွန့်ပစ်ခံ အဖိုး၊ အဖွားတွေကို သွားခေါ်ပြီး ကူညီပေးနေ တယ်ဆိုတော့ ဘယ်လိုပုံစံမျိုး ကူညီပေးနေတာလဲခင်ဗျာ။

ဖြေ။ ။ ညီမက ဘိုးဘွားရိပ်သာတွေနဲ့ ချိတ်ထားတဲ့အတွက်ကြောင့် ဒုက္ခရောက်နေတဲ့ အဖိုးအဖွားတွေကို ဘယ်နေရာကပဲဖြစ်ဖြစ် ညီမသွားခေါ်ပြီး ပို့ပေးနေတာပါ။ အဖိုး၊ အဖွားတွေအပြင် မိဘမဲ့ ကလေးငယ်တွေ လည်း ပါတယ်။ ကျောင်းမတက်နိုင်တဲ့ကလေးငယ်တွေလည်း ပါတယ်။ အလှူမခံဘဲနဲ့ ညီမရဲ့လစာနဲ့ပဲ ညီမလုပ်ပေးတယ်။ အခုလည်း ညီမ တတ်နိုင်သမျှ သွားခေါ်နေပါတယ်။ ဟိုတစ်ရက်ကပဲ စိတ်မနှံ့တဲ့ အဖိုးနဲ့ အဖွားကို သွားခေါ်ပေးခဲ့တယ်။ စိတ်မနှံ့တဲ့သူတွေကြတော့ စိတ်ကျန်းမာရေးဆေးရုံကို ပို့ပေးတယ်။ နောက်ပိုင်း ဘိုးဘွားရိပ်သာကို ပို့ပေးတယ်။ ကျောင်းမတက်နိုင်တဲ့ကလေးတွေကြတော့ ကျောင်းတက်နိုင်အောင် ကူညီပေး နေပါတယ်။

မေး။ ဟုတ်ကဲ့ပါ။ အစ်မက အခုလိုကူညီပေးနေတာဆိုတော့ အဖွဲ့အစည်းအနေနဲ့ လိုက်ပြီး ကူညီပေးနေတာ လား။

ဖြေ။ ။ အဖွဲ့အစည်းနဲ့ လုပ်တာမဟုတ်ပါဘူး။ ညီမတစ်ယောက်တည်း လုပ်တာပါ။ ဒါပေမယ့် နောက်ခံ အနေနဲ့ ကတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ထားတာပေါ့။

မေး။ ။ အစ်မ အခုလို စွန့်ပစ်ခံ အဖိုး၊ အဖွားတွေနဲ့ ကလေးငယ်တွေကို ကူညီတာ ဘယ်ချိန်လောက်ကတည်း စလုပ်ဖြစ်တာလဲ။

ဖြေ။ ။ ညီမ ခုလိုလိုက်ပြီး ကူညီစောင့်ရှောက်ပေးနေတာက ၅ နှစ်လောက်ရှိပါပြီ။ အခုလက်ရှိထိ ကူညီပေးခဲ့ တာတော့ ကလေးငယ် ၆ဝ ကျော်လောက်နဲ့ စွန့်ပစ်ခံထားရတဲ့ အဖိုး၊ အဖွားတွေကို ကူညီပေးနေတာကတော့ အယောက် ၆ဝ နီးပါးလောက်ရှိပါပြီ။ အဖိုး၊ အဖွားတွေကူညီပေးတာကတော့ နောက်ပိုင်းမှ လုပ်ဖြစ်တာပေါ့နော်။ အစပိုင်းကတော့ ကလေးတွေကိုပဲ အဓိကထားပြီးတော့ ကူညီပေးတာပေါ့။ ပထမတုန်းကတော့ ကျောင်းမတက် နိုင်တဲ့ ကလေးတွေ ကို ကျောင်းထားပေးတာတို့၊ ကျောင်းပညာရေးအတွက် ထောက်ပံ့ပေးတာတို့၊ စာအုပ်စာတမ်းတို့ အဲ့ဒါတွေ ကူညီပေးတာပေါ့။ ပြီးတော့ အခမဲ့ စာသင်ဝိုင်းတွေ လုပ်ပေးတာပေါ့။ ကလေးငယ် တွေကိုပဲ ကူညီဖြစ်တာပါ။ အခုနောက်ပိုင်းကျတော့ စွန့်ပစ်ခံထားရတဲ့ အဖိုး၊ အဖွားကိုပါ ညီမ တတ်နိုင် သလောက်ကူညီဖြစ်လာတာပေါ့။ အခု ညီမ အသက်က ၂၅ နှစ်ရှိပါပြီ။

 မေး။ ။ အစ်မက ဘာကြောင့် အဖိုး၊ အဖွားတွေကို ကူညီဖြစ်သွားတာလဲ။

ဖြေ။ ။ နောက်ပိုင်းကျတော့ အဖိုး၊ အဖွားတွေ စွန့်ပစ်တာတွေများလာတော့ မြင်တွေ့ကြားနေရတော့ ကူညီဖြစ် သွားတာပေါ့။ ညီမက ဘယ်နေရာကပဲဖြစ်ဖြစ် သတင်းကြားတာနဲ့ ဒါမှမဟုတ် ညီမကို ဆက်သွယ်သူ ရှိတာနဲ့ သွားရောက်ခေါ်ပြီးတော့ စိတ်ကျန်းမာရေးမကောင်းဘူးဆိုရင် စိတ်ကျန်းမာရေး ဆေးရုံကို ပို့ပေးတယ်။ ကျန်းမာ ရေးကောင်းအောင် ကူညီပေးတာပေါ့။ တကယ်လို့ ကျန်းမာရေးကောင်းသွားပြီဆိုရင်တော့ သူ့မိသားစုနဲ့ မနေ ချင်တော့ဘူးဆိုရင် ဘိုးဘွားရိပ်သာတွေဆီ ကူညီပို့ပေးပါတယ်။

မေး။ ။ အဖိုး၊ အဖွားနဲ့ ကလေးတွေအတွက် လှူဒါန်းချင်တယ် ဆိုရင် ဘယ်လို ဆက်သွယ်လှူဒါန်း လို့ရမလဲ။

ဖြေ။ ။ ကူညီချင်တယ်ဆိုရင်တော့ ညီမရဲ့ ဒီ ဖုန်းနံပါတ် ၀၉ - ၄၂၂၄၉၉၀၅၁ ကို ဆက်သွယ်လို့ ရပါတယ်။ လှူဒါန်းချင်တယ်ဆိုလို့ရှိရင်တော့ ညီမက တကယ်လိုအပ်တဲ့နေရာတွေကို တဆင့်လှူပေးပါတယ်။ ကိုယ်တိုင် လည်း လိုက်လှူပေးတယ်။ ညီမကိုယ်တိုင်တော့ အလှူမခံပါဘူး။

မေး။ ။ ဟုတ်ကဲ့ပါ။ အစ်မ ကူညီပေးခဲ့တဲ့ စွန့်ပစ်ခံအဖိုး၊ အဖွား ၆ဝ ကျော်ကလေ မြန်မာနိုင်ငံ နေရာဒေသ အသီးသီးကပဲလား။ ဘယ်နေရာက ပိုများလဲ။

ဖြေ။ ။ ရန်ကုန်က ပိုများတာပေါ့နော်။ အခု ညီမသွားခေါ်နေတာက နေရာဒေသအစုံကပဲ။ ထားဝယ်ကလည်း သွားခေါ်ထားတာရှိတယ်။ နောက် မော်လမြိုင် ပြီးတော့ စက်စဲဘက်တွေကလည်း သွားခေါ်ထားတာရှိတယ်။ ပြီးတော့ ဧရာဝတီတိုင်းဘက်ကလည်း ရှိတာပေါ့။ ဒါပေမယ့် ရန်ကုန်က ပိုများပါတယ်။ ရန်ကုန်မှာက ဒုက္ခ ရောက်ကြတာ ပိုများတာပေါ့နော်။

မေး။ ။ ခေါ်ဆောင်လာတဲ့ အဖိုး၊ အဖွားတွေကို ရန်ကုန်မှာရှိတဲ့ ဘိုးဘွားရိပ်သာတွေနဲ့ စိတ်ကျန်းမာရေး ဆေးရုံကိုပဲ ပို့ပေးတာလား။

ဖြေ။ ။ မဟုတ်ဘူးခင်ဗျား။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာရှိတဲ့ ဘိုးဘွားရိပ်သာတွေကို ပို့ပေးတာပါ။

မေး။ ။ အစ်မအနေနဲ့ ခုလို တစ်ကိုယ်တော်အဖြစ်နဲ့ပေါ့။ စွန့်ပစ်ခံ အဖိုး၊ အဖွားတွေနဲ့ ကလေးငယ်တွေကို ဘာကြောင့် ကူညီပေးဖြစ်သွားတာလဲ။

ဖြေ။ ။ ဘာကြောင့် လုပ်ဖြစ်သွားတာလဲဆိုတော့ ကိုယ့်ကိုယ်တိုင်လည်း မိဘ မစုံခဲ့ဘူးလေ။ ကိုယ့်အနေနဲ့က တော့ ဘာကြောင့်ဖြစ်ဖြစ် ကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ် လုပ်ဖြစ်သွားတာပါ။ စွန့်ပစ်ခံထားရတဲ့ အဖိုး၊ အဖွားတွေကို မြင်တွေ့ရတော့ သူ့တို့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ခံစားချက်နဲ့ ကိုယ်ချင်းစာမိတယ်။ ဒါကြောင့် အဖိုး၊ အဖွား တွေရဲ့ ဘဝနေဝင်ချိန်လေး ကောင်းမွန်နိုင်အောင် ညီမတတ်နိုင်သလောက်၊ ခွန်အားရှိသလောက် ကူညီ ပေးတာပါ။ ကလေးတွေဆိုရင်လည်း သူတို့ရဲ့ ပျောက်နေတဲ့ လမ်းလေးတွေကို ပြန်ပြီးတွေ့အောင် ညီမ တတ်နိုင်သလောက် ကူညီပေးတာပါ။ အများကြီးမကူညီနိုင်ရင်တောင်မှ တတ်နိုင်သမျှလေး အဲ့ဒီလိုမျိုးတွေ လုပ်ပေးသွားချင်တယ်။

 

 

Mizzima Weekly