ရှမ်းနှင့်ရန်ကုန်တို့၏ AFC Cup အုပ်စုအသင်းများ ထွက်ပေါ်

ရှမ်းနှင့်ရန်ကုန်တို့၏ AFC Cup အုပ်စုအသင်းများ ထွက်ပေါ်

 

ဒီဇင်ဘာ ၆၊ ကွာလာလမ်ပူ ။           ။ ၂၀၁၈ AFC Cup အုပ်စုမဲခွဲပွဲအခမ်းအနားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရမည့် အုပ်စုအသင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

မြန်မာလိဂ်ဖလားနှင့်ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလား ၂ ခုစလုံးကို ရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု(F)တွင်ကျရောက်နေပြီး ဖိလစ်ပိုင်ကလပ်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်၊ ကမ္ဘောဒီးယား(သို့)လာအိုကလပ်အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ဖိလစ်ပိုင်လိဂ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ပြီးဆုံးမည်ဖြစ်သည့်အတွက် ထိုနေ့မှ အသင်းနာမည်ကို သိရှိရမည် ဖြစ်သည်။ လာအိုနှင့်ကမ္ဘောဒီယားကလပ်များမှာမူ AFC Cup ၀င်ခွင့်အတွက် Play Off ပွဲစဉ်များယှဉ်ပြိုင်ရဦးမည် ဖြစ်ပြီး ၎င်းအသင်းများ၏နာမည်ကိုလည်း ပွဲပြီးဆုံးမည့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင်မှ သိရမည် ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းမှာမူ အုပ်စု(G)တွင် ကျရောက်နေပြီး အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်(သို့)မာဒူရာယူနိုက်တက်၊ ဗီယက်နမ်ကလပ် FLC Thanh Hóa(သို့)ဟနွိုင်းအက်ဖ်စီ၊ ဖိလစ်ပိုင်ကလပ်အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အင်ဒိုကလပ် ဘာလီယူနိုက်တက်နှင့် ဗီယက်နမ်ကလပ် FLC Thanh Hóa အသင်းတို့မှာ AFC ချန်ပီယံလိဂ် ခြေစစ်ပွဲကစားရမည်ဖြစ်ပြီး ထိုအသင်းများ ခြေစစ်ပွဲအောင်ခဲ့ပါက မာဒူရာယူနိုက်တက်နှင့် ဟနွိုင်းအက်ဖ်စီတို့က AFC Cup ပြိုင်ပွဲကစားခွင့်ရမည် ဖြစ်သည်။ ထိုကဲ့သို့အလားတူပင် ရှမ်းယူနိုက်တက်အသင်း AFC ချန်ပီယံလိဂ်ခြေစစ်ပွဲအောင်ခဲ့ပါက ရတနာပုံအသင်းက AFC Cup ကစားခွင့်ရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly