မက်ဆီမှာ သူ၏စံပြကစားသမားဟု စီရော်နယ်ဒို၏သားဖြစ်သူ ဖွင့်ဟ

မက်ဆီမှာ သူ၏စံပြကစားသမားဟု စီရော်နယ်ဒို၏သားဖြစ်သူ ဖွင့်ဟ

 

ဒီဇင်ဘာ ၆၊ စပိန် ။                   ။ စီရော်နယ်ဒိုရဲ့ သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာက သူ့ရဲ့စံပြကစားသမားမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီလို့ ဖွင့်ဟခဲ့ပါတယ်။

တွစ်တာကို စတင်အသုံးပြုပြီ ဖြစ်တဲ့ ခရစ္စတီယာနို ဂျူနီယာက သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာ အခုလို ထုတ်ဖော်ရေးသားလိုက်တာပါ။ ဖီဖာဆုပေးပွဲမှာ မက်ဆီနဲ့သူနဲ့ နှုတ်ဆက်နေတဲ့ပုံကို တင်ပြီး “Thanks you my idol” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

အသက် ရ နှစ်အရွယ်သာရှိသေးတဲ့ ခရစ္စတီယာနို ဂျူနီယာဟာ သူ့ရဲ့ဖခင်သွေးအပြည့်ပါသူ ဖြစ်ပါတယ်။ စီရော်နယ်ဒိုက သူ့သား ဂိုးသွင်းပုံတွေကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ မကြာခဏတင်လေ့ရှိတာကြောင့် ပရိသတ်တွေက ခရစ္စတီယာနို ဂျူနီယာလေးကို ရင်းနှီးနေကြပါတယ်။

စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ မော်ဒန်ဘောလုံးလောကရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ကစားသမားတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်လုံး ကမ္ဘာ့အကောင်းဆုံးဆုအတွက် ပြိုင်ဆိုင်ခဲ့ရပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက အောင်မြင်မှုရခဲ့လို့ ၂၀၁၇ ခုနှစ်မှာတော့ FIFA The Best ဆုကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် Ballon d’Or ဆုပေးပွဲအခမ်းအနားမှာလည်း ဆက်လက်အောင်ပွဲခံဖို့ ရှိနေပါတယ်။

Ballon d’Or ဆုကို စီရော်နယ်ဒိုသာ ရရှိခဲ့မယ်ဆိုရင် ငါးကြိမ်မြောက်ရရှိတာဖြစ်ပြီး မက်ဆီနဲ့အကြိမ်အရေအတွက် တူညီသွားမှာ ဖြစ်ပါတယ်။

သူ့သားက မက်ဆီကို ကြိုက်နှစ်သက်လို့ စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ စီရော်နယ်ဒိုက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ မက်ဆီနဲ့တွေ့ဆုံချိန်မှာတော့ စီရော်နယ်ဒိုက သူ့သားနဲ့မိတ်ဆက်ပေးခဲ့ပြီး “ခရစ္စတီယာနို ဂျူနီယာက Youtube မှာ မင်းကစားပုံတွေကို အမြဲကြည့်တယ်လို့” ပြောဆိုခဲ့ဖူးပါတယ်။

ရည်ညွှန်း All Football

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly