ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ပါက အစ္စရေးနှင့် သံခင်းတမန်ခင်း ဖြတ်တောက်မည်ဟု တူရကီပြော

ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ပါက အစ္စရေးနှင့် သံခင်းတမန်ခင်း ဖြတ်တောက်မည်ဟု တူရကီပြော

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၅ ။              ။ အမေရိကန်နိုင်ငံက ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုလာပါက တူရကီနိုင်ငံအနေဖြင့် အစ္စရေးနှင့် သံတမန်ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပစ်မည်ဟု သမ္မတ အာဒိုဂန်က ပြောလိုက်သည်။

ပါလီမန်တွင် ဒီဇင်ဘာ ၅ ရက်က မိန့်ခွန်းပြောဆိုရာ အာဒိုဂန်က ဂျေရုဆလင်သည် မွတ်စလင်များအတွက် အရေးကြီးကြောင်း၊ သမ္မတ ထရမ့်၏ အမေရိကန် သံရုံးကို ဂျေရုဆလင် ရွှေ့မည့် အစီအစဉ်အား အဆုံးတိုင် ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အစ္စရေးနှင့် သံခင်းတမန်ခင်း ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ပစ်သည့်အထိ ဖြစ်သွားနိုင်ကြောင်း သတိပေးပြောဆိုခြင်းဖြစ်သည်။

ဂျေရုဆလင်အား အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုမည့် မည်သည့် လှုပ်ရှားမှုမျိုးမဆို ဆန့်ကျင်သွားရေး OIC နိုင်ငံများ ထိပ်သီးအစည်းအဝေးတစ်ရပ်ကို ၎င်းက ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်းလည်း အာဒိုဂန်က ဆိုသည်။

ဂျေရုဆလင်အရေးတွင် ပါလက်စတိုင်းနှင့် ငြိမ်းချမ်းသော ဆွေးနွေးပြောဆိုမှုများဖြင့်သာ ဆုံးဖြတ်သွားရမည်ဟု ရပ်တည်ပြောဆိုနေသော ကမ္ဘာ့အသိုင်းအဝိုင်းအားလုံးလိုက အစ္စရေး၏ မြို့တော်အဖြစ် သတ်မှတ်မှုကို ငြင်းပယ်ထားသည့် အခြေအနေတွင် ရှိသည်။

ပါလက်စတိုင်းကလည်း မြို့၏ အရှေ့ပိုင်းကို အနာဂတ်မြို့တော်အဖြစ် အတည်ပြုပြောဆိုနေခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ရေး စဉ်းစားနေကြောင်း မကြာသေးမီရက်ပို်င်းအတွင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags