အိမ်မွေးခွေးတွေအတွက် အထူးရည်ရွယ်ဖွင့်လှစ်ထားတဲ့ အိန္ဒိယက ဇိမ်ခံဟိုတယ်

အိမ်မွေးခွေးတွေအတွက် အထူးရည်ရွယ်ဖွင့်လှစ်ထားတဲ့ အိန္ဒိယက ဇိမ်ခံဟိုတယ်

ဒီဇင်ဘာ ၅။            ။ အိန္ဒိယနိုင်ငံမှာတော့ ထူးခြားတဲ့ ဇိမ်ခံဟိုတယ်တစ်ခု ရှိနေပါတယ်။ ယင်းကတော့ အိမ်မွေးခွေးတွေ သီးသန့် လာရောက်တည်ခိုနိုင်တဲ့့ Critterati အမည်ရ ဟိုတယ်ပဲ ဖြစ်ပါတယ်။

ယင်းဟိုတယ်ထဲမှာတော့ တောက်ပြောင်လှပနေတဲ့ ကတ္တီပါ ကုတင်တွေ၊ Spa တစ်ခု၊ ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ ခွေးတွေ သောက်ဖို့အတွက် ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းလာတဲ့ အရက်မပါတဲ့ ဘီယာ အစရှိသဖြင့် အံ့မခန်းလှတဲ့ ၀န်ဆောင်မှုတွေကိုလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။

တောင်အာရှဒေသရဲ့ ပထမဆုံးလည်း ဖြစ်တယ်ဆိုတဲ့ အဆိုပါ ခွေး ဇိမ်ခံဟိုတယ်မှာ အိမ်မွေးခွေးတွေအတွက် တည်းခိုခန်းခတွေကိုတော့ အစားစား သတ်မှတ်ထားပြီး အများဆုံး တစ်ည တည်းခိုစရိတ် ဒေါ်လာ ရ၀ ထိ ရှိပါတယ်။ ခွေးတွေနဲ့အတူ လိုက်ပါလာတဲ့ ခွေးသခင်တွေအနေနဲ့ကတော့ တည်းခိုခအတွက် ထပ်မံပေးချေစရာမလိုဘဲ အတူတူ တည်းခိုနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းနိုင်ငံက လမ်းမတွေပေါ်မှာတော့ ခန့်မှန်းခြေအားဖြင့် ခွေးလေခွေးလွင့် ကောင်ရေ သန်း ၃၀ လောက်ကတော့ နေ့စဉ် ၀မ်းရေးအတွက် ကြံုသလို ရှာဖွေ ဖြေရှင်းနေရချိန်မှာပဲ တစ်ဘက်မှာတော့ St Bernards ၊ Labradors နဲ့ Lhasa Apsos တို့လို ခွေးမျိုးခွေးကောင်းတွေကတော့ ယခုဆိုရင် အဆိုပါ ခမ်းနားတဲ့ ခွေး ဇိမ်ခံဟိုတယ်မှာ သွားရောက်တည်းခိုနေနိုင်ပြီ ဖြစ်ပါတယ်။

ယခု ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ ဒီပက်ခ် ချော်လာက ယင်း Critterati ဟိုတယ်ကို နယူးဒေလီအနီး Gurgaon မြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

" ဘယ်ခွေးပိုင်ရှင်ကမှ သူတို့ခွေးတွေကို ကြံုသလို ထားချင်ကြမှာမဟုတ်ဘူးလေ" လို့၎င်းက ပြောပါတယ်။

အိန္ဒိယမှာတော့ နိုင်ငံစီးပွားရေး ကောင်းမွန်လာနေမှုနဲ့အတူ အိမ်မွေးခွေးတိရိစ္ဆာန်တွေကို ပိုမိုချစ်ခင်မွေးမြူလာနေကြတဲ့ အချက်ကို အခွင့်ကောင်းယူပြီး အဆိုပါ ဟိုတယ်ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ အိမ်မွေးခွေးကောင်ရေ ဟာ ၂၀၀၂ ခုနှစ်က နှစ်သန်းလောက်သာ ရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာ ၁၅ သန်းထိ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းဟိုတယ်မှာတော့ ခွေးတွေ ရေကူးနိုင်တဲ့ ရေကူးကန် တစ်ကန်၊ spa တစ်ခု၊ ၂၄ နာရီ အဆင်သင့်ရှိနေမယ့် တိရိစ္ဆာန် ဆေးကုဆရာဝန်တစ်ဦး  စသည်ဖြင့် ၀န်ဆောင်မှု ပေးထားပါတယ်။

ဒါ့အပြင် ဟိုတယ်မှာ ခွေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်မှာဆိုရင်လည်း ထမင်းနဲ့ ကြက်သားအပြင် ထောပတ်မုန့်၊ မုန့်ဆီကြော်၊ ရေခဲမုန့်၊ အရက်မပါတဲ့ ခွေးဘီယာ စသည်ဖြင့် စုံစုံလင်လင် ရရှိနိုင်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags