ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်တွေ စံချိန်သစ်တင်ဖို့ လီဗာပူးလ်ရလဒ်ကောင်းဖို့လိုအပ်နေ

ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်တွေ စံချိန်သစ်တင်ဖို့ လီဗာပူးလ်ရလဒ်ကောင်းဖို့လိုအပ်နေ

 

ဒီဇင်ဘာ ၅၊ အင်္ဂလန် ။                     ။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို ပရီးမီးယားလိဂ်အသင်းငါးသင်း တက်ရောက်နိုင်တဲ့စံချိန်သစ်ကို ရဖို့ အခုကြားရက်မှာကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာ လီဗာပူးလ်အသင်း ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။

ချန်ပီယံလိဂ်သမိုင်းမှာ ဘယ်နိုင်ငံကမှ အသင်းငါးသင်းစလုံး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့စပါးတို့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ကြပါပြီ။ လီဗာပူးလ်တစ်သင်းသာ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ လိုအပ်လျက်ရှိနေပါတယ်။

လက်ရှိမှာ လီဗာပူးလ်ဟာ ရမှတ်ကိုးမှတ်ရရှိထားပြီး အုပ်စု(E)ကို ဦးဆောင်လျက်ရှိနေပါတယ်။ လီဗာပူးလ်ရဲ့နောက်မှာတော့ ဆီဗီလာက ၈ မှတ်၊ စပါးတပ်မော်စကိုက ၆ မှတ်၊ မာရီဘောက ၂ မှတ်နဲ့ ရပ်တည်နေပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ လီဗာပူးလ်က စပါးတပ်မော်စကိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး ဆီဗီလာက မာရီဘောနဲ့အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။ လီဗာပူးလ်အသင်းအနေနဲ့ စပါးတပ်မော်စကိုနဲ့ပွဲမှာ သရေတစ်မှတ်ရရင်ပဲ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စပိန်ကလပ်အသင်းငါးသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ခွင့်ရခဲ့ပေမယ့် ဗီလာရီးယဲလ်အသင်းက ပလေးအော့ဖ်အဆင့်မှာ မိုနာကိုအသင်းကိုရှုံးခဲ့လို့ ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ ဘာစီလိုနာ၊ ရီးယဲလ်၊ အက်သလက်တီကိုနဲ့ ဆီဗီလာတို့ ရှုံးထွက်အဆင့်ကိုတက်နိုင်ခဲ့ကြပေမယ့် ဗီလာရီးယဲလ်ကြောင့် စံချိန်သစ်ကို မရရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကလပ်တွေ စံချိန်သစ်တင်နိုင်မလားဆိုတာကတော့ လီဗာပူးလ်အပေါ်မှာ တည်မှီနေပြီ ဖြစ်ပါတယ်။

ရည်ညွှန်း ယူအီးအက်ဖ်အေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly