နိုင်ငံရေးခေါင်းဆောင်တွေအပေါ် သြဇာလွှမ်းမိုးတဲ့ နီပေါနိုင်ငံက ဗေဒင်ဆရာများ

နိုင်ငံရေးခေါင်းဆောင်တွေအပေါ် သြဇာလွှမ်းမိုးတဲ့ နီပေါနိုင်ငံက ဗေဒင်ဆရာများ

ဒီဇင်ဘာ ၅။                  ။ ယခုလထဲမှာ ကျင်းပတဲ့  အထွေထွေရွေးကောက်ပွဲမှာတော့ ၎င်းတို့ ပါတီ သေချာပေါက်နိုင်မယ်လို့ နီပေါ ၀န်ကြီးချုပ်က ယုံကြည်နေလျက်ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ကို ဗေဒင်ဆရာက အဲဒီအတိုင်း ဟောထားလို့ ဖြစ်ပါတယ်။

အင်မတန် အယူသီးပြီး အစွဲအလမ်းကြီးတဲ့ နီပေါမှာတော့ ဗေဒင်ဆရာတွေဟာ နိုင်ငံရေးအသိုင်းအဝိုင်းအပေါ် တော်တော်လေး သြဇာသက်ရောက်နေလျက်ရှိပါတယ်။ နိုင်ငံကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အထွေထွေ ရွေးကောက်ပွဲ တစ်ခု ကျင်းပခါနီး အချိန်မျိုးဆိုရင် ယင်းနိုင်ငံက ရှေ့ဖြစ်ဟောသူတွေ အလုပ်များကြပါပြီ။

နီပေါ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ ကိစ္စတစ်ခုခု လုပ်တော့မယ်ဆိုရင် အမြဲလိုလို ဗေဒင်ဆရာတွေနဲ့ သွားပြီး မေးမြန်းတိုင်ပင်ပြီးမှ လုပ်လေ့ရှိကြပါတယ်။

နီပေါနိုင်ငံရဲ့ လက်ရှိ၀န်ကြီးချုပ် ရှာ ဘာဟက်ဒါ ဒူဘာ ဆိုရင်လည်း ယခု ကျင်းပတော့မယ့် သမိုင်းဝင် ရွေးကောက်ပွဲမတိုင်ခင် ၎င်း အားထားတဲ့ ဗေဒင်ဆရာနဲ့ အကြိမ်တော်တော်များများ တွေ့ဆုံထားပြီး ဖြစ်ပါတယ်။

၎င်းရဲ့ ဗေဒင်ဆရာဖြစ်သူကတော့ ဒူဘာကို နိုင်ငံမှာ ၀န်ကြီးချုပ် သက်တမ်း ခုနှစ်ကြိမ်ထိ ထမ်းဆောင်ရလိမ့်မယ်လို့ ဟောထားပါတယ်။ ခုဆိုရင် ဒူဘာဟာ လေးကြိမ်မြောက် သက်တမ်းကို ထမ်းဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒူဘာဟာဆိုရင်လည်း ၎င်းရဲ့ ပါတီဟာ ယခုရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ကေပီအိုလီတို့ ပါတီအပေါ် အနိုင်ရလိမ့်မယ်လို့လည်း အခိုင်အမာ ယုံကြည်နေလျက်ရှိပါတယ်။

ဒါပေမယ့်လည်း ဒူဘာရဲ့ နီပေါအမျိုးသားကွန်ဂရက် ပါတီဟာဆိုရင် အတိုက်အခံခေါင်းဆောင် ကေပီအိုလီရဲ့ ကွန်မြူနစ်ပါတီရဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အတိုက်အခံ ကွန်မြူနစ်ပါတီ ဟာဆိုရင်လည်း အဓိကပါတီဖြစ်တဲ့ မွိုက်စ် ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့အတွက်ကြောင့် ယင်းတို့အပေါ် အနိုင်ရဖို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိ၀န်ကြီးချုပ် ဒူဘာရဲ့ မွေးနံဇယားအရဆိုရင် ၎င်းဟာ အနည်းဆုံး ၀န်ကြီးချုပ် သက်တမ်း နောက်ထပ်တစ်ကြိမ်ထက်မနည်း ထပ်မံထမ်းဆောင်ရဖို့ရှိနေကြောင်း ၎င်းရဲ့ ဗေဒင်ဆရာဖြစ်တဲ့ အန်ဂီရက်စ် နျူပိန်းက ဟောပါတယ်။

ယခုတစ်ကြိမ်မှာတော့ အတိုက်အခံ ခေါင်းဆောင် အိုလီ ၀န်ကြီးချုပ် ဖြစ်လာနိုင်ခြေ ရှိပေမယ့် ၎င်းရဲ့ ညွန့်ပေါင်းဖွဲ့စည်းမှုဟာ ပျက်ပြားသွားဖို့ရှိနေတဲ့အတွက် ဒူဘာပဲ ၀န်ကြီးချုပ် ဆက်ဖြစ်မှာဖြစ်တယ်လို့ ၎င်းက  ဟောကိန်းထုတ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly