ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကုလသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်မှု လူ့အခွင့်အရေး အုပ်စုများ ပြစ်တင်ဝေဖန်

ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကုလသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်မှု လူ့အခွင့်အရေး အုပ်စုများ ပြစ်တင်ဝေဖန်

ဒီဇင်ဘာ ၅ ။         ။ ကုလသမဂ္ဂ၏ ရွှေ့ပြောင်းနေထိုင်သူများအရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကနေ နှုတ်ထွက်သွားခဲ့တဲ့ အမေရိကန် အစိုးရ ရဲ့ ဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက အပြင်းအထန် ဝေဖန်ပြစ်တင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ကုလ သဘောတူစာချုပ်ဟာ မိမိတို့နိုင်ငံက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီခြင်းမရှိကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ ရွှေ့ပြောင်းအခြေချမှုနဲ့ ဒုက္ခသည်များအရေးကို ကိုင်တွယ်ရာမှာ ပိုမိုတိုးတက်ချင်တဲ့အတွက် ယခုလို ကမ္ဘာလုံးဆိုင်ရာ စာချုပ်ကနေ နှုတ်ထွက်ခြင်းဖြစ်ကြောင်း အမေရိကန်တို့က ထုတ်ပြန်ထားပါတယ်။

" ဒီ ရွှေ့ပြောင်းအခြေချမှု ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်မှာ ပါ၀င်မှုကို အမေရိကန်ဘက်က  ရပ်ဆိုင်းလိုက်ပြီ ဆိုတာကို ကုလအတွင်းရေးမှူးချုပ်ကို အကြောင်းကြားအပ်ပါတယ်" ဆိုပြီး အမေရိကန်တို့က ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အမေရိကန် တို့ရဲ့ ယင်းလုပ်ရပ်ဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အကျပ်အတည်းတစ်ခုနဲ့ ကြံုကြိုက်နေစဉ် တာဝန်ခံလိုမှု မရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေး အုပ်စုတစ်ခုဖြစ်တဲ့ Amnesty International က ပြစ်တင်ဝေဖန်သွားပါတယ်။

ယခု ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကုလ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟယ်လေက ခုခံပြောကြားသွားပြီး အမေရိကန်အစိုးရအနေနဲ့ မိမိတို့ နိုင်ငံနယ်စပ်တွေကို ဘယ်လိုအကောင်းဆုံး ထိန်းချုပ်ရမလဲ ဆိုတာနဲ့ ဘယ်သူတွေကို နိုင်ငံထဲ ၀င်ခွင့်ပြုမလဲ ဆိုတာကို မိမိတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်တော့မှာဖြစ်တယ်ဆိုပြီး ပြောသွားပါတယ်။

အဆိုပါ ကုလ ဒုက္ခသည်အရေး စာချုပ်ကနေ နှုတ်ထွက်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် များစွာ ၀မ်းနည်းမိကြောင်း ကုလ အထွေထွေညီလာခံ ဥက္ကဌ မီရိုဆလက်ဗ် လာကက်က ပြောသွားပါတယ်။

ယင်းအပြင် မည်သည့်နိုင်ငံကမှ ရွှေ့ပြောင်းအခြေချမှု ဖြစ်စဉ်ကို တစ်နိုင်ငံတည်း ရင်ဆိုင်ဖြေရှင်းလို့ ရနိုင်မှာမဟုတ်ကြောင်းလည်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး လူးဝစ် ဗိုက်ဒီဂါရေး က ပြစ်တင်ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly