သားအိမ်အစားထိုးထည့်ထားသူ အမေရိကန်အမျိုးသမီး ပထမဆုံးကလေး မွေးဖွား

သားအိမ်အစားထိုးထည့်ထားသူ အမေရိကန်အမျိုးသမီး ပထမဆုံးကလေး မွေးဖွား

တက္ကဆက်၊ ဒီဇင်ဘာ ၅။           ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ သားအိမ်အစားထိုး ထည့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပထမဆုံးအဖြစ် ကလေး ဖွားမြင်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်အတွက် ပထမဆုံး သမိုင်းမှတ်တိုင်ဖြစ်ပေမယ့် သားအိမ်အစားထိုးထားသူ ကလေးမီးဖွားမှုဟာ ဆွီဒင်မှာ ကုန်လွန်ခဲ့တဲ့ နှစ်အတန်က အောင်မြင်ထားပြီဖြစ်ပါတယ်။

မွေးထဲက သားအိမ်မပါတဲ့ ခုအမျိုးသမီးဟာ ဒဲလက်စ်ရှိ Baylor University ဆေးဝါးစင်တာမှာ ကလေးမီးဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ မွေးဖွားခဲ့တယ်ဆိုတာကို စင်တာက တာဝန်ရှိသူတွေက အသေးစိတ် ထုတ်ဖော်ခြင်း မရှိပေမယ့် ဒီဇင်ဘာ ၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိခင်အမျိုးသမီးက ဆေးရုံက ပြန်ဆင်းသွားပြီဖြစ်ပြီး ယောက်ကျားလေးမွေးဖွားကာ ကလေးပါ ကျန်းမာရေး ကောင်းမွန်ကြောင်း ပြောပါတယ်။

ကလေးကိုတော့ စင်တာမှာ ဆက်လက်ထားရှိပြီး စောင့်ကြည့်ထားတုန်းဖြစ်ကြောင်း သိရပါတယ်။

Baylor စင်တာဟာ အမျိုးသမီး ဆယ်ဦးကို သားအိမ်အစားထိုးထည့်ပေးတာကို လုပ်ဆောင်ပေးခဲ့ပြီး စောင့်ကြည့်သုတေသနပြုနေတာ ဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာလအတွင်းမှာ အမျိုးသမီးလေးဦးကို သားအိမ်အစားထိုး ထည့်ပေးခဲ့ကြောင်း၊ ဒါပေမယ့် သုံးဦးက သွေးဆင်းမှု မမှန်တာကြောင့် သားအိမ်ကို ပြန်လည်ဖယ်ထုတ်ခဲ့ရကြောင်း စင်တာက ဆိုပါတယ်။

သားအိမ်အစားထိုးထည့် ပေးထားတဲ့ အမျိုးသမီး ရှစ်ဦးက အခြေအနေအားလုံး ကောင်းမွန်ပြီး လက်ရှိတွင် တစ်ဦးမှာ ကိုယ်ဝန်ဆောင်ထားရပြီဟုလည်း ယင်းစင်တာက ပြောပါတယ်။

အစားထိုးသားအိမ်ကနေ ကလေးမီးဖွားမှုကို ကမ္ဘာ့ပထမဆုံးအဖြစ် စွမ်းဆောင်ခဲ့သူမှာ ဆွီဒင်က ဆရာဝန် မတ်ဘရန်စတုန်းဖြစ်ပါတယ်။ ဆရာဝန် ဘရန်စတုန်းအနေနဲ့ သားအိမ်အစားထိုုးထားတဲ့ အမျိုးသမီးတွေ ကလေးမွေးဖွားမှုပေါင်း ငါးဦးအထိ စွမ်းဆောင်ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အနှံ့မှာ လက်ရှိအထိ သားအိမ်အစားထိုးထားသူပေါင်း ၁၆ ဦးအထိ ရှိထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags