ဟွတ်သီများက ယီမင်သမ္မတဟောင်းကို သတ်ပစ်လိုက်ပြီဟု ယီမင်ပြည်ထဲရေးဝန်ကြီးဌာနကြေညာ

ဟွတ်သီများက ယီမင်သမ္မတဟောင်းကို သတ်ပစ်လိုက်ပြီဟု ယီမင်ပြည်ထဲရေးဝန်ကြီးဌာနကြေညာ

ဆာနား၊ ဒီဇင်ဘာ ၅။              ။ ယီမင်နိုင်ငံသမ္မတဟောင်းဖြစ်သူအား တစ်ချိန်ကသူ၏မဟာမိတ်များဖြစ်ခဲ့ဖူးသည့် ဟွတ်သီပူပုန်များက သတ်ပစ်လိုက်ပြီဖြစ်ကြောင်း ဟွတ်သီများကချုပ်ကိုင်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတဟောင်း အလီအက်ဘ်ဒူလာဆာလားသည် မကြာသေးခင်က ယီမင်နိုင်ငံမြို့တော် ဆာနားမြို့၌ သူ၏အစိုးရတပ်ဖွဲ့နှင့် သူပုန်များထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူ၏မဟာမိတ်ဖြစ်ခဲ့ဖူးသော ဟွတ်သီသူပုန်များနှင့် လက်တွဲဖြုတ်ခဲ့သူဖြစ်သည်။ သူ၏အလောင်းအား သယ်ထုတ်သွားသည်ကို အွန်လိုင်း ဗီဒီယိုများ၌ တွေ့မြင်ရသည်။

“မြို့တော်ဆာနားနဲ့ ၄င်းရဲ့ဆင်ခြေဖုံးဒေသအပါအဝင် ခရိုင်အားလုံးမှာ လုံခြံုရေးချထားနိုင်ပြီးတော့ ဒေသအား လုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးတဲ့နောက်မှာ ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ အရေးခင်းကာလပြီးဆုံးသွားပါပြီ” ဟု ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆာလားသေဆုံးသွားပြီဟု ကြေညာချက်ထုတ်ပြန်အပြီးတွင် ဟွတ်သီခေါင်းဆောင် အက်ဘ်ဒယ်မာလက်ခ် အယ်လ်ဟွတ်သီက ရုပ်သံမှတဆင့် ပြောကြားခဲ့သောမိန့်ခွန်းထဲ၌ သူ၏တပ်ဖွဲ့များသည် ပဋိပက္ခအခြေအနေများ ကို ရှောင်လွှဲနိုင်ရန်အတွက် ဆာလားကိုဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ဒါ့အပြင် အယ်လ်ဟွတ်သီက သူ၏တပ်ဖွဲ့များသည် သူ၏နိုင်ငံကိုဆန့်ကျင်သည့် အမည်မတပ်နိုင်သော တတိယ အဖွဲ့၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

သမ္မတဟောင်းဆာလားသည် ဆော်ဒီအာရေဗျမှရပ်ခံပေးထားသည့် ယီမင်နိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု သမ္မတ အက်ဘ်ရက်ဘူမန်ဆော်ဟာဒီ၏ အုပ်ချုပ်မှုအား လျော့ပါးသွားအောင် လွန်ခဲ့သော ၂၀၁၄ခုနှစ်ကတည်း က ဟွတ်သီများနှင့် ဗျူဟာအရမဟာမိတ်ဖွဲ့ခဲ့သူဖြစ်သည်။

ဟွတ်သီအဖွဲ့မှ တာဝန်ရှိသူများ၏ပြောကြားချက်အရ ဆာလားသည် မြို့အတွင်းမှထွက်ပြေးစဉ်တွင် သူ၏ယာဉ် တန်းသည် ဆာနားမြို့အရှေ့တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခဲ့ပြီး ဟွတ်သီတပ်သားများက ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် ဆာလားအားထောက်ခံသော အကြီးတန်း အရာရှိများလည်း သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော ကြာသာပတေးနေ့က စတင်ဖြစ်ပွားခဲ့သည့် ဆာနားမြို့တော်အတွင်းမှ အချင်းများမှုများကြောင့် လူပေါင်း ၁၂၅ဦးထက်မနည်း အသတ်ခံခဲ့ရပြီး ၂၃၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly