၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (F) မှ ဂျာမနီနှင့် မက္ကဆီကိုအသင်းတို့ လူမှုကွန်ရက်များပေါ်မှာ ပရိသတ်အများဆုံး ပိုင်ဆိုင်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (F) မှ ဂျာမနီနှင့် မက္ကဆီကိုအသင်းတို့ လူမှုကွန်ရက်များပေါ်မှာ ပရိသတ်အများဆုံး ပိုင်ဆိုင်
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (F) မှာ ပါဝင်တဲ့ ဂျာမနီ၊ မက္ကဆီကို၊ ဆွီဒင်နှင့် တောင်ကိုရီးယားအသင်းတို့ရဲ့ လူမှုကွန်ရက်များပေါ်မှာ ပိုင်ဆိုင်တဲ့ စုစုပေါင်း ပရိသတ်ဦးရေဟာ ၂၄,၁၅၀,၇၅ ဦးအထိ ရှိပါတယ်။ ဒါ့ကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် တခြားအုပ်စုများထက် ပရိသတ်ဦးရေ အများဆုံးပိုင်ဆိုင်တဲ့ အုပ်စုဖြစ်တယ်လို့ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ 2WaySports ရဲ့ ထုတ်ပြန်တဲ့ လေ့လာမှုစစ်တမ်းတစ်ခုအရ သိရပါတယ်။

နိုင်ငံလက်ရွေးစင်းအသင်းများရဲ့ Facebook, Instagram နှင့် Twitter အကောင့်များရဲ့ စုစုပေါင်း ပရိသတ်ဦးရေကို တွက်ချက်တဲ့ 2WaySports ညွှန်းကိန်းအရ မက္ကဆီကိုအသင်းက ပရိသတ် ၁၄,၈၁၂,၂၀၆၊ ဂျာမနီအသင်းက ၈,၇၄၈,၈၉၁၊ ဆွီဒင်အသင်းက ၃၀၄,၀၄၁ နှင့် တောင်ကိုရီးယားက ၂၈၅,၆၁၇ ဦး အသီးသီး ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင် အုပ်စု (E) ရှိ ဘရာဇီးအသင်းက ပရိသတ် ၁၅,၁၆၀,၁၉၉၊ ကော်စတာရီကာအသင်းက ရ၈၆,၄၆၇၊ ဆွစ်ဇာလန်က ၂၄၈,၀၁၉ နှင့် ဆားဘီးယားက ၁၉၂,၆၀၃ ဦးဖြင့် အုပ်စုအတွင်း စုစုပေါင်း ပရိသတ်ဦးရေ ၁၆,၃၈၇,၂၈၈ ဦးဖြင့် ဒုတိယအများဆုံး အုပ်စုအဖြစ် ရှိနေပါတယ်။ 

တခြားပြိုင်ပွဲအုပ်စုတွေဖြစ်တဲ့ အုပ်စု (C) က စုစုပေါင်း ပရိသတ်ဦးရေ ၁၁,၅၂၅,၃၇၀ ဦးဖြင့် တတိယ၊ အုပ်စု (G) မှ ပရိသတ် ၁၀,၇၇၄,၈၃၇၊ အုပ်စု (B) မှ ၁၀,၁၄၁,၂၇၇ နှင့် အုပ်စု (H) မှ ၉,၁၄၈,၄၀၁ ဖြင့် အုပ်စုတစ်ခုနှင့် တစ်ခု ပရိသတ်ဦးရေ သိပ်မကွာလှဘဲ ၎င်းတို့ရဲ့ ပရိသတ်ဦးရေ အရေအတွက်ဟာ တိုးတက်လာနိုင်တယ်လို့လည်း 2WaySports က ထုတ်ပြန်ချက်မှ ဖော်ပြထားပါတယ်။

ပီရူးနိုင်ငံလက်ရွေးစင်အသင်းဟာ ၃၆ နှစ်ကြာမှ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက် ပရိသတ်ဦးရေသစ် ၄၈၃,၅၃၈ ဦးအထိရှိလာရာ အကြီးမားဆုံး မြင့်တက်လာတဲ့ အသင်းတစ်သစ်ဖြစ်ပြီး သူ့နောက်မှာတော့ အာဂျင်တီးနားအသင်းက ၃၃၃,၇၄၅ ဦး၊ ပြင်သစ် ၁၉၁,၈၂၅၊ ဘရာဇီး ၁၈၆,၈၄၉ နှင့် ကိုလံဘီယာ ၁၆၇,၃၇၈ ဦး အသီးသီး ပရိသတ် (followers)သစ်များ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၈ နှစ်ကြာမှ ဝင်ရောက်ခွင့်ရခဲ့တဲ့ အီဂျစ်အသင်းကလည်း ခြေစစ်ပွဲမအောင်ခင်က ပရိသတ် ၁၅၈,၁၂၁ ဦးသာရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ပြီးနောက်မှာတော့ ပရိသတ်ဦးရေ ၂၈၆,၀၄၉ အထိ ရှိလာရာ နောက်ထပ် ပရိသတ် ၁၂၇,၉၂၈ ဦးအထိ တိုးလာတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားအုပ်စု မဲခွဲပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က ကရင်မလင်းမှာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကို ဇွန် ၁၄ မှ ဇူလိုင် ၁၅ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags