ထိပ်တန်း ရိုးရာလက်ဝှေ့ကျော်များ ပါဝင်မည့် နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူ တွင် ပြုလုပ်မည်

ထိပ်တန်း ရိုးရာလက်ဝှေ့ကျော်များ ပါဝင်မည့် နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူ တွင် ပြုလုပ်မည်
ပရိသတ် စိတ်ဝင်စားဖွယ်ရှိသော စောငမန်းနှင့် သပြေညို တွဲဆိုင်း။

ရန်ကုန်၊ သြဂုတ် ၁၉ ။        ။ မြန်မာနိုင်ငံ၏ အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်း၊ အလွတ်တန်း လက်ဝှေ့ကျော် တူးတူး၊ စောငမန်းတို့ ပါဝင်ထိုးသတ်မည့် All Star BIG FIGHTS နိုင်ငံတကာ မြန်မာ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကြီးကို လာမည့် သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူ လက်ဝှေ့ရုံ၌ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ All Star BIG FIGHTS နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို MTT Group မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဘရာဇီး၊ ကနေဒါတို့မှ လက်ဝှေ့ကျော် နိုင်ငံခြားသားများ ပါဝင်မည် ဖြစ်သည်။

နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပါဝင်မည့် တွဲဆိုင်းများမှာ ထွန်းထွန်းမင်း (မြန်မာ)နှင့် ဂျက်ဆင်(ဘရာဇီး)၊ တူးတူး(မြန်မာ)နှင့် မက်သရူး(ကနေဒါ)၊ စောငမန်း (ရွှေဖူး)နှင့် သပြေညို (ဘိလပ်မြေ စက်ရုံ)၊ သွေးသစ်အောင်(နဂါးနီ)နှင့် ရဲရင့်အောင်(နဂါးမာန်)၊ ရဲသွေးနီ(တောင် ကလေး)နှင့် မျိုးဆက်သစ်(မွန်ပြည်နယ်)၊ မိုးပုလဲ(မိဂသီ)နှင့် ထွန်းထွန်းဇော်(မုဒုံ)၊ကြယ်စင်ဖြိုး(အဖြူ ရောင်သွေးသစ်)နှင့် ရာမာဉ် (နဂါးမာန်)၊ ထွန်းမင်းနိုင်(မုဒုံ)နှင့် အောင်နိုင်ဦး(ဒို့ရိုးရာ)တို့ ဖြစ်ကြသည်။

မြန်မာပြည် အလွတ်တန်း ချန်ပီယံထွန်းထွန်းမင်းနှင့် ထိုးသတ်မည့် ဂျက်ဆင်သည် ဘရာဇီး နိုင်ငံ၏ လက်ရှိ မွေ့ထိုင်းချန်ပီယံတစ်ဦးဖြစ်ပြီး လက်ဝှေ့စိန်ခေါ်ပွဲ အတွေ့အကြုံ များပြားသူတစ်ဦး ဖြစ်သည်။

တူးတူးနှင့် ထိုးသတ်မည့် ကနေဒါနိုင်ငံမှ မက်သရူးသည် ထွန်းထွန်းမင်းနှင့် တစ်ကြိမ် ထိုးသတ်ဖူးပြီး ထွန်းထွန်းမင်းကို လေးချီမြောက်တွင် ရှုံးနိမ့်ခဲ့သည်။ မြန်မာပြည် အလွတ်တန်း ချန်ပီယံဟောင်း စောငမန်းနှင့် သပြေညိုတို့ ထိုးသတ်မည့် တွဲဆိုင်း မှာလည်း ပရိသတ်စိတ်ဝင်စားနိုင်သည့် တွဲဆိုင်း တစ်ဆိုင်း ဖြစ်လာဖွယ်ရှိသည်။ အလားတူ ထွန်းထွန်း မင်း၏ ဖခင် ထွန်းထွန်းဇော်(မုဒုံ)နှင့် သပြေညို၏ ဆရာ မိုးပုလဲ(မိဂသီ)တို့ ထိုးသတ်မည့် သက်ကြီး တွဲဆိုင်းမှာလည်း စိတ်ဝင်စားဖွယ် ကောင်းနေသည်။

အဆိုပါသက်ကြီးတွဲဆိုင်းအတွက် သုံးချီသာ သတ်မှတ်ပေးထားပြီး အနိုင်ရရှိသူက ငွေကျပ် ငါးသိန်း ရရှိမည် ဖြစ်ပြီး ရှုံးနိမ့်သူက ငွေကျပ် သုံံးသိန်း ရရှိမည်ဖြစ်သည်။ နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် သက်ကြီးတွဲဆိုင်းတစ်ဆိုင်း ပါဝင်သလို သက်ငယ်တန်း တွဲဆိုင်းတစ်ဆိုင်း လည်း ပါဝင်နေသည်။

အဆိုပါသက်ငယ်တွဲဆိုင်းမှာ ထွန်းထွန်းမင်း၏ ညီ ထွန်းမင်းနိုင်(မုဒုံ)နှင့် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး၏ ညီတစ်ဝမ်းကွဲ အောင်နိုင်ဦး(ဒို့ရိုးရာ)တို့ ဖြစ်ကြသည်။ လာမည့် သြဂုတ် ၃၀ ရက်၊ သိမ်ဖြူတွင်ပြုလုပ် မည့် All Star BIG FIGHTS နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ထူးခြားချက်တစ်ခုအဖြစ် ထွန်းထွန်းမင်း၊ ထွန်းထွန်းမင်း၏ အဖေ၊ ထွန်းထွန်းမင်း၏ ညီ စသည့် သားအဖ သုံးဦးစလုံး ပါဝင်နေသည်။ အဆိုပါလက်ဝှေ့ပွဲအတွက် ရုံဝင်ကြေးများကို ရိုးရိုးတန်း ငွေကျပ် တစ်သောင်း၊ သုံးသောင်းနှင့် ငါးသောင်း သတ်မှတ်ထားပြီး မည်သည့်ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသ မည်မဟုတ်ဟု ပြိုင်ပွဲစီစဉ်သူက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly