ကလေးငယ် ၅ သန်းခန့်ကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်မံထိုးပေးမည်

ကလေးငယ် ၅ သန်းခန့်ကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်မံထိုးပေးမည်
ဓာတ်ပုံ - Unicef Myanmar

ရန်ကုန်၊ ဒီဇင်ဘာလ ၄ ။            ။ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအား ပြည်သူလူထုအခြေပြုအဖြစ် ကလေးငယ် ၅ သန်းခန့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒုတိယအကြိမ် ထပ်မံထိုးပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးက  မဇ္စျိမသို့ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းအခြေပြုအဖြစ် ကလေးငယ် ၈ သန်း ကျော်ထိ ကာကွယ်ဆေးထိုးပေးခဲ့ပြီး ထပ်မံ၍ ပြည်သူလူထုအခြေပြုအဖြစ် လာမည့် ဒီဇင်ဘာလ ၁၁ ရက်မှ ၂ဝ ရက်ထိ ကလေးငယ် ၅ သန်းခန့်ကို ဒုတိယအကြိမ် ထိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ ကာကွယ်ဆေးထိုးပေးမယ့် ကလေးတွေကတော့ ၉ လကနေပြီး ၅ နှစ်အောက်ကလေးတွေနဲ့ အသက် ၁၅ နှစ်အောက် ကျောင်းမနေတဲ့ကလေးတွေနဲ့ ပထမထိုးပေးတုန်းက အကြောင်းအမျိုးမျိုးကြောင့် မထိုးလိုက်ရတဲ့ ကလေးတွေကို ပြန်ပြီးထိုးပေးသွားမှာပါ။ ပထမတုန်းက ကာကွယ်ဆေးထိုးတုန်းကတော့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တွေကတော့   ဆေးကြောင့်မဟုတ်ဘဲ ရောဂါလက္ခဏာမပြတဲ့   ရောဂါအခံတွေကြောင့် တိုက်ဆိုင်မှုတွေဖြစ် သွားတာပါ။ ခုလိုဖြစ်သွားတာတွေကလည်း ဆေးကြောင့်ဖြစ်တာမဟုတ်ဘဲဖြစ်တာဆိုတော့ မိဘများအနေနဲ့ လည်း အကျိုးနဲ့ အပြစ်ကို ချိန်ဆပြီးတော့မှ ထိုးဖို့တော့ တိုက်တွန်းချင်တယ်။ အတင်းအဓမ္မတော့ မထိုးခိုင်း ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ထိုးစေချင်တာပေါ့လေ။ အကျိုးနဲ့ အပြစ်နဲ့ ဆိုရင် အကျိုးကပိုများတာ ပေါ့”ဟု ဒေါက်တာအောင်ကျော်မိုးက ပြောသည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလာလျှင် ကုသရခက်ခဲကာ ၃ ပုံ ၁ ပုံခန့် သေဆုံးနိုင်ပြီး ၃ ပုံ ၂ ပုံခန့်မှာ ဦးနှောက်အာရုံချို့တဲ့ကာ ဆိုးကျိုးများဖြစ်နိုင်ကြောင်းသိရသည်။

 မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားမှုနှုန်းမှာ ၂ဝ၁၆ ခုနှစ်တွင် သံသယလူနာ ၁ဝဝဝ ကျော် ခန့်ရှိပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါဖြစ်ပွားသူ ၃ဝဝ ခန့်ရှိကြောင်း၊ ၂ဝ၁၇ ခုနှစ်တွင်လည်း နိုဝင်ဘာလထိ ဓာတ်ခွဲစစ်ဆေးချက်အရ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၃ဝဝ ခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly