အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) တွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ အခမဲ့သင်ကြားပေးမည်

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) တွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ အခမဲ့သင်ကြားပေးမည်

 

မကွေး၊ ဒီဇင်ဘာ ၄ ။        ။ မကွေးတိုင်းဒေသကြီး၊မကွေးမြို့၊နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မကွေး)တွင် ဒီဇင်ဘာလ ၁၅ရက်မှ စတင်၍ (ကာလတို) အသက်မွေးဝမ်းကျောင်းသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းများတွင်  ပညာအရည်အချင်း (၄)တန်း အောင်မြင်သူများအတွက် ဆိုင်ကယ်ပြင်သင်တန်းအပတ်စဉ်  (၃)၊ ပန်းရံသင်တန်းအပတ်စဉ်(၁)၊ Basic electronics သင်တန်းအပတ်စဉ်(၁)၊ ဂဟေဆက်သင်တန်းအပတ်စဉ်(၃)၊ ပညာအရည်အချင်း (၈)တန်းအောင်မြင်သူများအတွက်  အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း အပတ်စဉ်(၃)၊computer basic သင်တန်း အပတ်စဉ်(၅)၊ပညာအရည်အချင်း (၁၀)တန်းအောင်မြင်သူများ အတွက် English speakingသင်တန်း အပတ်စဉ်(၁)အစရှိသည့် သင်တန်းများ ပါဝင်မည်ဖြစ်သည်။

"အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို အထောက်အပံ့ဖြစ်စေဖို့ ၂၀၁၅ခုနှစ် ဇွန်လ ၂၇ရက်ကစလို့ သင်တန်းအားလုံး ဖွင့်လှစ် သင်ကြားပေးခဲ့တာပါ၊ဒီတစ်ခါ ဖွင့်မယ့် ကာလတိုသင်တန်းတွေက အရင်တုန်းကဖွင့်ခဲ့တဲ့ ကာလတို သင်တန်းတွေနဲ့ မတူပဲ ထူးခြားမှှုရှိပါတယ်၊ အဲဒါကတော့ ခုကျောင်းကပေးတဲ့ Certificate အပြင် သင်တန်းသား၊သင်တန်းသူ တွေထဲက NSSA National Skill Standards Authority (NSSA) အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ရရှိအောင်၊ ဖြေဆိုမဲ့သူတွေကို ဖြေဆိုနိုင်အောင် ကြိုတင်လေ့ကျင် ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်"ဟု အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဦးသက်နိုင်က ပြောသည်။

 အင်္ဂလိပ်စကားပြောတတ်လျှင် အလုပ်အကိုင်ရရန် လွယ်ကူ၍ English speaking သင်တန်းကို ယခုနှစ်တွင် သင်တန်းအသစ်အနေနှင့် ဖွင့်ပေးထားကာ သင်တန်းသား လျှောက်ထားနိုင်ရန် အသက်အရွယ် ကန့်သတ်ချက်မရှိကြောင်း သိရသည်။

ဆိုင်ကယ်ပြင် သင်တန်းတွင် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် HELVETAS Myanmar NGO အဖွဲ့အစည်း(မင်းလှ)၏ ထောက်ပံ့ကူညီမှုဖြင့် ဦးမြင့်အောင် ရန်ကုန်ဆိုင်ကယ်ပြင်ဆိုင် (မင်းလှ)တို့ ပူးပေါင်းပါဝင်ပြီး သင်တန်းကာလ (၃)လ ကြာမြင့် မည်ဖြစ်ကာ နေထိုင်ရန် အဆောင် အခမဲ့ စီစဉ်ပေးထားသည်။

ထို့ပြင် အခြားသင်တန်းများမှာ သင်တန်းကာလ (၁)လကြာမြင့် မည်ဖြစ်ကြောင်း၊ဆိုင်ကယ်ပြင်သင်တန်းမှ သင်တန်းသား (၁၂)ဦး၊အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းနှင ့်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းမှ သင်တန်းသား(၂၁)ဦး၊ computer basic သင်တန်းမှ သင်တန်းသား(၄၈)ဦး၊ ဂဟေဆက်သင်တန်းမှ သင်တန်းသား(၂၄)ဦး မွေးထုတ်ပေးထားခဲ့ပြီး၊ ယခုလက်ရှိ ဆိုင်ကယ်ပြင် သင်တန်းအပတ်စဉ်(၂)တွင်သင်တန်းသား(၁၈)ဦး ပညာသင်ကြားနေဆဲဖြစ်ကြောင်းသိရသည်။

 အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား၍အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)၊ ကျောင်းသားရေးရာဌာနသို့ စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း၊ ရပ်ဝေးမှ သင်တန်းတက်ချင်သူများ သင်တန်းသား လျှောက်လွှာဖောင် ထုတ်ယူရန် အခက်အခဲရှိပါက ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းထားပြီး သင်တန်းတက်သည့် အခါမှ သင်တန်းသား ဖောင်ဖြည့်၍ ရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly