မြန်မာ့ရိုးရာအစားအစာ မုန့်ပေါင်း

မြန်မာ့ရိုးရာအစားအစာ မုန့်ပေါင်း

 

မြန်မာ့ရိုးရာအစားအစာ မုန့်ပေါင်း လုပ်ကိုင်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တစ်နိုင်တစ်ပိုင်ရှာဖွေ၍ ရပ်တည်နေကြောင်း မကွေးမြို့ မုန့်ပေါင်းပြုလုပ် ရောင်းချသူများထံက သိရသည်။

ရှေးဘုရင်များလက်ထက်မှ စတင်၍ မြန်မာ့ရိုးရာ အစားအစာတစ်ခု အနေဖြင့် စားတော်ကဲများ ပြုလုပ် ဆက်သခဲ့ရသော မုန့်ပေါင်းကို ရှေးလူကြီးသူမများ သင်ကြားပေးခဲ့သဖြင့် ဆက်လက်ထိန်းသိမ်းပြီး လုပ်ကိုင်ရောင်းချသည့် ဝင်ငွေဖြင့် မိသားစု ရပ်တည်နိုင်သည့်အပြင် အကြီးဆုံးသမီးကို  ဥပဒေမဟာတန်းအထိ ပညာသင်ကြားပေးနိုင်ခဲ့ကာ ရှေ့နေဖြစ်သည်အထိ မုန့်ပေါင်းလုပ်ရောင်းချကာ ပညာသင်ကြားပေးခဲ့ကြောင်း မုန့်ပေါင်းစျေးသည် ဒေါ်အေးမာက ပြောသည်။

ယင်းမုန့်ပေါင်း ပြုလုပ်ရန်အတွက် ကောက်ညှင်းဆန်စစ်စစ် အဖြူ၊ ငချိပ် ကြိတ်ပြီး ရေစစ်၍ စဉ့်အင်တုံနှစ်လုံးတွင် အဖြူ၊ ငချိပ်သပ်သပ်စီခွဲ၍ နှပ်ထားရသည်၊ ယင်းနောက် စားတော်ပဲ၊ ပဲလွန်းစေ့များပြုတ်ပြီး ရေစင်အောင်စစ်ထားရသည်။

မုန့်ပေါင်းပြုလုပ်ရန်အတွက် ဆန်ခြောက်ပြည်ခန့်ချက်သော ဒန်အိုးကို သံဖြူဆိုင်တွင် သီးသန့်အပ်၍ ပုံစံခွက်ဖော်ပြီး အဖုံးအပိတ်ကို လေလုံအောင် စကူစုပ်ဆွဲထားပြီး ရေဆူအိုး တည်ရသည်။

၎င်းနောက် အဝတ်ပါးပါးတွင် စားတော်ပဲနှင့် ပဲလွန်းစေ့ပြုတ်ပြီးသားကို အနည်းငယ် စီခံပြီး အဖြူတစ်ခြမ်း၊ အနီတစ်ခြမ်းစီထည့်ပြီး ပဲလွန်းနှင့်စားတော်ပဲ ထပ်မံအုပ်၍ စလောင်းဖုံး အုပ်ပေးရသည်၊ မိနစ်အနည်းငယ်ခန့် ရေနွေးအငွေ့ ဖြင့် ပေါင်းပြီးပါက အဝိုင်းသဏ္ဍန်ပြုလုပ်ထားသော ငှက်ပျောဖက်ထဲ ထည့်ထားသည့် အသင့်စားသုံးနိုင်သော မုန့်ပေါင်းကိုရရှိသည်။

မုန့်ပေါင်းကို ဆားနှမ်းထောင်းနှင့် နှမ်းဆီစိုစိုဆမ်းပါက အလွန်အရသာရှိလှပြီး ကောက်ညှင်းနှင့် ပြုလုပ်ထားသဖြင့် အလွန်အကျွံစားသုံးပါက ဝမ်းချုပ်စေသည်ဟု သိရသည်။

" ကျွန်မ အိမ်ထောင်ကျခါစတုန်းက ဒီမုန့်ပေါင်းပညာကို အဖွားက သင်ပေးခဲ့တာ၊ တစ်နေ့ ကောင်ညှင်းသုံးပြည် ကုန်တယ်၊ ဆောင်းမှာ မုန့်လုပ်ရောင်းချိန် များတယ်၊ပိုရောင်းရတယ်၊ နွေနဲ့မိုးရာသီတွေမှာ မီးဖိုနား သိပ်မကပ်နိုင်ဘူးလေ ။ ပုံမှန်လောက် လုပ်ရောင်းပါတယ်" ဟု ဒေါ်အေးမာက ဆိုသည်။

တချို့ ဌာနဆိုင်ရာများက  ဧည့်ခံပွဲအတွက်  အော်ဒါလာမှာကြကြောင်း၊ အော်ဒါဆိုလျင် တစ်ခု သုံးရာတန်မှ ငါးရာတန်အထိ ရှယ်လုပ်ပေးရကြောင်း၊ ပုံမှန်ရောင်းသည်မှာ တစ်ခု နှစ်ရာကျပ်တန် ပြုလုပ်ရောင်းရကြောင်း သိရသည်။

" အရင်က ကောက်ညှင်းတစ်ပြည် တစ်ထောင့်လေးရာကျပ်ပဲ ပေးရတယ်၊အခု ကောက်ညှင်း တစ်ပြည်ကို တစ်ထောင့်ခြောက်ရာ ကနေ နှစ်ထောင်ကျပ််ကျော်အထိ ပေးဝယ်နေရတယ်၊ ငချိပ်က တစ်ပုံးလေးရာ ဝယ်ရတယ်၊လေးပြည်လောက်ကုန်ရင် ကိုယ့်အတွက် ထင်းဖိုး၊ပစ္စည်းဖိုးနုတ်ပြီး ခုနစ်ထောင်ကျပ်လောက် ကျန်တယ်၊ အခုမုန့်ပေါင်းလုပ်ရောင်းပြီး ကလေးသုံးယောက်   ကျောင်းထားပေးနိုင်တယ်။ အကြီးဆုံးသမီး ဥပဒေမဟာတန်းကို တက်နေပြီး ရှေ့နေ ဖြစ်ပြီ်လေ၊ ဒီမုန့်ရောင်းပြီး ကျွန်မတို့မိသားစု ဝင်ငွေအတွက် အဆင်ပြေပါတယ် " ဟု မုန့်လုပ်ရောင်းသူ မအေးမာက ပြောသည်။

မုန့်ပေါင်း လုပ်ကိုင် ရောင်းချခြင်းကို မကွေးမြို့၏ အထင်ကရ သမိုင်းဝင် မြသလွန် ဘုရားပွဲတော်နှင့် ကန်သာအေးစေတီဘုရားပွဲများ၌သာ မုန့်လုပ်ရောင်းချသူများ တွေ့ရှိရသော်လည်း ပြည်တော်သာလမ်းနှင့် ရွာသစ် ၁၇ လမ်းထိပ်ရှိ မုန့်ပေါင်းအရောင်းဆိုင်မှာ တစ်ဆယ့်နှစ်လပတ်လုံး ပြုလုပ်ရောင်းချ၍ မိသားစုဘဝ ရပ်တည်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly