ဝေဖန်မှုများကြောင့် ပိုမိုကြိုးစားမည် ဟုကျော်ကိုကို နှင့် ကြည်လင်းဆို

ဝေဖန်မှုများကြောင့် ပိုမိုကြိုးစားမည် ဟုကျော်ကိုကို နှင့် ကြည်လင်းဆို
ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာအသင်းမှ ကြည်လင်း (အလယ်)ကို တွှေ့ရစဉ်။ ဓာတ်ပုံ-ရွှေဘုတ်

ရန်ကုန်၊ သြဂုတ် ၁၉ ။          ။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ရွေးချယ်ထားသည့် ပဏာမမြန်မာ့လက်ရွေးစင် အသင်းတွင် စီနီယာကစားသမားဖြစ်သော ကျော်ကိုကိုနှင့် ကြည်လင်း မှာ ပရိသတ်ဝေဖန် တိုက်ခိုက်မှု အများဆုံး ခံနေရသည်။

တစ်ချိန်က မြန်မာဘောလုံးပရိသတ်များ၏ သူရဲကောင်းများ ဖြစ်ခဲ့သော်လည်း လက်ရှိအ ချိန်တွင် ဝေဖန်ခံနေရခြင်းနှင့်ပတ်သက်ပြီး ကစားသမားနှစ်ဦးက ပိုကြိုးစားမည်ဟု ဆိုသည်။  

“ ပရိသတ်ကတော့ အောင်မြင်မှုမရရင် ဝေဖန်ကြတာပါပဲ။ တစ်ယောက်ချင်း ကစားတယ်လို့ ပရိသတ်က မြင်နိုင်ပေမယ့် အသင်းအတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါတယ်။ တစ်ခါတ လေတော့ စိတ်ခံစားရပေမယ့် မြန်မာနိုင်ငံအတွက်၊ အသင်းအတွက် ဘယ်လောက်ထိ ပေးဆပ်နိုင်မ လဲဆိုတာက အရေးကြီးပါတယ်။ အကောင်းဆုံးလည်း ကြိုးစားသွားမှာပါ။ အခုဆို လူငယ်ကစားသမား လေးတွေ များလာတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားသွားမယ်ဆိုရင်တော့ ခြေစစ်ပွဲမှာ ရလဒ်ကောင်းတွေ ပေါ်လာနိုင်ပါတယ် ” ဟု ကြည်လင်းက သူ၏အမြင်ကို ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲတွင် လာအိုအသင်းကို သရေ၊ တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ခဲ့ကာ ရမှတ်တစ်မှတ်သာ ရရှိထားပြီး လာမည့် စက်တင်ဘာ ၃ ရက်တွင် ကူဝိတ်အသင်းနှင့် အဝေးကွင်း၌ သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ပရိသတ်များ၏ ဝေဖန်မှုများနှင့် ပတ်သက်၍ “ မထင်မှတ်တဲ့ အနေအထားမျိုးတွေ၊ ကစား ကွက်၊ ကစားပုံကြောင့် တစ်ဦးကောင်း ကစားတယ်လို့ ပရိသတ်က ဝေဖန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပရိသတ်ရဲ့ ချီးကျူးမှုကို လိုချင်တယ်ဆိုရင်တော့ ဒီထက်ပိုကောင်းအောင် ကြိုးစား ရပါမယ်” ဟု တိုက်စစ်မှူး ကျော်ကိုကိုက ပြောသည်။

ပဏာမ မြန်မာ့လက်ရွေးစင်အသင်းတွင် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်း မှ ခြောက်ဦး၊ ၂၀၁၅ ဆီးဂိမ်းငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ အသင်းမှ ကစားသမား ကိုးဦးထိပြောင်းလဲပါဝင် လာခဲ့ပြီး စီနီယာကစားသမားများအဖြစ် ကျော်ကိုကို၊ ကြည်လင်း၊ ရန်အောင်ကျော်၊ ရန်အောင်လင်း၊ ဒေးဗစ်ထန်း စသည့် ကစားသမားများသာ ပြန်လည် ပါဝင်လာခဲ့သည်။

မြန်မာ့လက် ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြင်ဆင်မှုအနေဖြင့် သြဂုတ်လ ၁၇ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး လာမည့် သြဂုတ်လ ၂၈ ရက်တွင် ယူအေအီးနိုင်ငံ၌ ယူအေအီး လက် ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်လည်း စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly