နံစော်ညစ်ပတ်နေတဲ့ ခြေအိတ်ဝတ်ပြီး ဘတ်စ်ကားစီးခဲ့တဲ့ အိန္ဒိယအမျိုးသား ရဲဖမ်းခံရ

နံစော်ညစ်ပတ်နေတဲ့ ခြေအိတ်ဝတ်ပြီး ဘတ်စ်ကားစီးခဲ့တဲ့ အိန္ဒိယအမျိုးသား ရဲဖမ်းခံရ

ဒီဇင်ဘာ ၄ ။            ။ ညစ်ပတ်နံစော်နေတဲ့ ခြေအိတ်ဝတ်ကာ ဘတ်စ်ကားတက်စီးပြီး အခြားခရီးသည်တွေကို အနံ့နဲ့ အနှောက်အယှက်ဖြစ်စေခဲ့တဲ့ အမျိုးသားတစ်ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ရတယ်လို့ သိရပါတယ်။

မြို့တော် နယူးဒေလီကို ဦးတည်သွားခဲ့တဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ လိုက်ပါစီးနင်းလာခဲ့တဲ့ အမျိုးသားတစ်ဦး ဖြစ်တဲ့ ပရာကက်ရှ် ကူမာ ဆိုသူကို အများပြည်သူကို အနှောက်အယှက်ဖြစ်စေမှုနဲ့ ရဲက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာတော့ အဆိုပါ အမျိုးသားဟာ ကားပေါ်မှာ သူ့ရဲ့ ဖိနပ်တွေနဲ့ ခြေအိတ်ကို ချွတ်ပြီး လိုက်ပါစီးလာရာကနေ စပြီး ပြဿနာဖြစ်ခဲ့တာဖြစ်ပါတယ်။

၎င်းချွတ်ထားတဲ့ ခြေအိတ်ကနေ ထွက်လာတဲ့ အနံ့အသက်ဆိုးကို အခြား ခရီးသည် တွေ မခံနိုင်ဖြစ်ရာကနေ အပြန်အလှန် စကားများခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ကူမာကို ယင်း ညစ်ပတ်နံစော်နေတဲ့ ခြေအိတ်တွေ အိတ်ထဲ ထည့်ထားဖို့ ဒါမှမဟုတ် လွှတ်ပစ်လိုက်ဖို့ ကားပေါ်မှာ အတူလိုက်ပါလာတဲ့ အခြားခရီးသည်တွေက ပြောခဲ့ပေမယ့် ၎င်းက လက်မခံဘဲ ပြန်လည် ခွန်းတုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက်မှာတော့ ပြောမရတဲ့အဆုံး အခြားခရီးသည်တွေက ကားကို ရဲစခန်းဆီ မောင်းဖို့ ဒရိုင်ဘာကို ပြောခဲ့ရတာဖြစ်ပါတယ်။

ယခုဖြစ်စဉ်မှာတော့ ကူမာကို အများပြည်သူကို အနှောက်အယှက်ဖြစ်စေမှုနဲ့ ဖမ်းဆီးခဲ့ပြီး ယခုအခါမှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားကြောင်း ဟိမာချယ် ပရာဒက်ရှ်ပြည်နယ် အူနာ ခရိုင် ရဲစခန်းက ရဲအရာရှိ ဆန်ဂျိဗ် ဂန္ဒီက ပြောပါတယ်။

တစ်ဘက်မှာလည်း အဖမ်းခံခဲ့ရတဲ့ ကူမာကလည်း အခြားခရီးသည်တွေအားလုံးနဲ့ ဘတ်စ်ကားအမှုထမ်းတွေကို ပြန်လည် အမှုဖွင့်ထားတယ်လို သိရပါတယ်။ ၎င်းရဲ့ ခြေအိတ်တွေဟာ စွပ်စွဲသလို မနံကြောင်းနဲ့ ယခုကိစ္စမှာ ၎င်းကို အနှောက်အယှက်ပေးမှုနဲ့ ပြန်အမှုဖွင့်ထားတယ်လို့ ဆန်ဂျိဗ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags