ဆီးရီးယား၌ လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၉ဦးခန့်သေဆုံး

ဆီးရီးယား၌ လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၉ဦးခန့်သေဆုံး

ဟမ်မူရီယာ၊ ဆီးရီးယား၊ ဒီဇင်ဘာ ၄ ။             ။ ဆီးရီးယားနိုင်ငံ ဒါမာစကပ်မြို့အနီးရှိ ဂူတာအရှေ့ပိုင်းဒေသတစ်ကြော၌ စစ်တပ်အဝိုင်းခံထားရသည့် သူပုန်များ ခိုလှုံနေသောနေရာသို့ ဆီးရီးယားအစိုးရက လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုအများအပြားကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့်အတွက် အရပ်သား ၁၉ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောခဲ့သည်။

ယင်းသို့လေကြောင်းမှစီးနင်းတိုက်ခိုက်မှုကြောင့် ဟမ်မူရီယာမြို့မှ ကလေးငယ် ၅ဦးအပါအဝင် အရပ်သား ၁၃ဦး ခန့် သေဆုံးခဲ့ရကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောခဲ့ သည်။ အာဘင်း၊ ဘိတ်ဆာဝါနှင့် မစ်ရာဘာမြို့တို့၌လည်း လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၆ဦး ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် အပြင်းအထန်ဒဏ်ရာရရှိသူ များပြားလှသည့်အတွက် လူအသေအပျောက်စာရင်းမှာ ယခုထက်ပိုမို၍ မြင့်တက်လာနိုင်ကြောင်း ယင်းအဖွဲ့က ပြောခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများသည် လူနေရပ်ကွက်များနှင့် ကုန်မျိုးစုံဆိုင်တို့အား ထိမှန်ခဲ့သည်ကိုလည်း တွေ့မြင် ရသည်။

တိုက်ခိုက်ခံခဲ့ရသူများကို အနီးရှိဆေးခန်းများသို့ ပို့ဆောင်ခဲ့ရပြီး ဆရာဝန်များက ဒူးခေါင်းအပေါ်ပိုင်း ဟက်တက် ကွဲနေသော အမျိုးသားအား ကုသမှုပေးနေသလို သွေးအိုင်ထဲ၌လဲကျနေသော ယောင်္ကျားလေးတစ်ဦး၏ အလောင်းကို ရုပ်သံမှတ်တမ်းများထဲ၌ တွေ့မြင်ရသည်။

ဆီးရီးယားရှိသူပုန်တို့၏ နောက်ဆုံးကျန်ရှိနေသည့် အမာခံနယ်မြေဖြစ်သည့် ဂူတာအရှေ့ပိုင်းဒေသအား အစိုးရစစ်တပ်က လွန်ခဲ့သော ၂၀၁၃ခုနှစ်ကတည်းက အင်အားအလုံးအရင်းနှင့်ဝိုင်းထားခဲ့ပြီး ယင်းဒေသတွင် အစားအစာနှင့် ဆေးဝါးပြတ်တောက်မှုများ ဖြစ်ပွားလျက်ရှိသည်။

ယင်းဒေသတွင်ခိုလှုံနေသော လူဦးရေမှာ ၄သိန်းခန့်ရှိမည်ဟု ခန့်မှန်းချက်များအရသိရပြီး အကယ်၍အရေးပေါ် ဆေးကုသမှုများခံယူရန်အတွက် ထွက်ခွာခွင့်မရရှိပါက ယင်းဒေသမှလူရာပေါင်းများစွာ သေဆုံးရဖွယ်ရှိကြောင်း ကုလသမဂ္ဂက သတိပေးပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly