အာဖဂန်နစ္စတန်၌ ဗုံးပေါက်ကွဲမှုကြောင့် ရဦးထက်မနည်းသေဆုံးပြီး ၁၃ဦးခန့်ဒဏ်ရာရ

အာဖဂန်နစ္စတန်၌ ဗုံးပေါက်ကွဲမှုကြောင့် ရဦးထက်မနည်းသေဆုံးပြီး ၁၃ဦးခန့်ဒဏ်ရာရ

ကာဘူးလ်၊ ဒီဇင်ဘာ ၃ ။           ။ အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ နန်ဂါဟာခရိုင်အတွင်းတွင် အာဖဂန်သမ္မတကိုထောက်ခံသူများက တနင်္ဂနွေနေ့၌ စုရုံးပွဲပြုလုပ်နေကြစဉ် အနီးအနား၌ အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရသောကြောင့် လူ ရဦးထက်မနည်းသေဆုံးပြီး ၁၃ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အသေခံဗုံးခွဲသမားသည် သူ၏မော်တော်ဆိုင်ကယ်အတွင်း၌ ဖောက်ခွဲရေးပစ္စည်းများကို ထည့်သွင်းထားခဲ့ပြီး ခရိုင်မြို့တော် ဂျာလာလာဘတ်မြို့လယ်ခေါင်၌ ဒေသစံတော်ချိန် နေ့လည် ၁း၃၀နာရီခန့်တွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် အသေခံဗုံးခွဲသမား၊ အမျိုးသမီးနှင့်ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ရဦးခန့် သေဆုံး ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီကိုထောက်ခံသူများက အစိုးရအဖွဲ့ကိုထောက်ခံသည့်အနေဖြင့် စုရုံးပွဲပြုလုပ် နေကြစဉ် ယင်းသို့ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း စုရုံးပွဲမှလူများကို ထိခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းကမှ ယင်းတိုက်ခိုက်မှုသည် ၄င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာခြင်းမရှိသေးကြောင်းလည်း သိရသည်။

ပါကစ္စတန်နယ်စပ်တွင်ရှိသော နန်ဂါဟာမြို့သည် အာဖဂန်နစ္စတန်အတွင်းရှိ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ ၏ အမာခံနယ်မြေအဖြစ် သတ်မှတ်ထားခံရသည့် ဒေသတစ်ခုဖြစ်သည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် နေတိုးအဖွဲ့က ၄င်းတို့၏စစ်ဆင်ရေးများကို ရပ်တန့်ပစ်လိုက်ကတည်း က ကာဘူးလ်အစိုးရအဖွဲ့သည် သောင်းကျန်းသူ သူပုန်များထံတွင် နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရပြီး လက်ရှိအချိန်တွင် နိုင်ငံနယ်နမိတ်၏ ၅၇ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်နိုင်တော့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly