ခါးနာတာကို ဘယ်လိုကုသမလဲ

ခါးနာတာကို ဘယ်လိုကုသမလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ခါးနာဝေဒနာကိုခံစားနေရတဲ့အခါ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်ရတာ အခက်အခဲရှိလာပါတယ်။ ဒီဝေဒနာခံစားနေရသူအများအပြားဟာ ပုံမှန်လှုပ်ရှားမှုတွေကို ကောင်းစွာ ပြုလုပ်နိုင်ခြင်းမရှိဘဲ လစဉ်ဆရာဝန်နဲ့သွားရောက်ပြသပြီး ကုသမှုတွေကိုခံယူရလေ့ရှိပါတယ်။ သင်ဝေဒနာခံစားနေရတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်ထိဆိုးရွားသလဲ၊ တခြားလိုအပ်ချက်တွေရော ဘာတွေရှိသေးလဲ အစရှိတဲ့အချက်တွေပေါ်မူတည်ပြီး ခါးနာခြင်းကိုကုသမယ့်နည်းလမ်းတွေ ကွာခြားပါလိမ့်မယ်။ နာတာရှည်ခါးနာခြင်းအတွက် အသုံးဝင်ထိရောက်မယ့် ကုသမှုနည်းလမ်းတချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။

ဆေးဝါးကုသမှုများ

ခါးနာဝေဒနာရှင်အများစုနဲ့ သင့်တော်တဲ့ပထမဆုံးကုသမှုနည်းလမ်းကတော့ ဆေးသောက်ခြင်းပဲ ဖြစ်ပါတယ်။ စစချင်းမှာ ဆရာဝန်ဆေးစာမလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုသုံးစွဲနိုင်ပြီး မသက်သာဘဲပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြသပြီး ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကတော့-

• ပါရာစီတမောလိုမျိုး အလွယ်တကူဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဒါမှမဟုတ် naproxen sodium၊ ibuprofen တို့လိုမျိုး စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲခြင်းအားဖြင့် လတ်တလောခါးနာခြင်းကို သက်သာစေပါလိမ့်မယ်။

• ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်တဲ့ ဆေးတွေဟာလည်း နောက်ကျောအတန်အသင့်နာကျင်ခြင်းကို သက်သာစေနိုင်မှာဖြစ်ပြီး ငိုက်မျည်းတာကိုတော့ ဖြစ်စေနိုင်ပါတယ်။

• အကိုက်အခဲပျောက်ခရင်မ်၊ ဂျဲလ်၊ အရည်စတာတွေကိုလည်း နာကျင်တဲ့နေရာပေါ် အသာအယာပွတ်သပ်လိမ်းပေးနိုင်ပါတယ်။

• codeine ဒါမှမဟုတ် hydrocodone အစရှိတဲ့ (စွဲလမ်းစေတတ်သော) အကိုက်အခဲပျောက်ဆေးအပြင်းစားတွေကိုလည်း ဆရာဝန်ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ကာလတိုသုံးစွဲနိုင်ပါတယ်။

• ricyclic antidepressants, amitriptyline စတဲ့ စိတ်ကျရောဂါပျောက်ဆေးတွေဟာလည်း ကာလရှည်နောက်ကျောနာကျင်ခြင်းအချို့ကို သက်သာစေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။

• ထိုးဆေးများ။ ။အာရုံကြောအမြစ်တွေထဲကို ကော်တီဆုန်းထိုးဆေးထိုးသွင်းခြင်းဟာလည်း ရောင်ရမ်းနာကျင်မှုတွေကိုသက်သာစေတယ်ဆိုပေမယ့် ဒီအာနိသင်ဟာ လအနည်းငယ်ပဲ ခံလေ့ရှိပါတယ်။

အခြားသော ကုသမှုနည်းလမ်းများ

နာတာရှည်ခါးနာခြင်းအတွက် ဆေးဝါးကုသခြင်းအပြင် နာကျင်မှုကို သဘာဝအတိုင်းထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဆရာဝန်တွေအနေနဲ့ညွှန်ကြားလေ့ရှိပါတယ်။

• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း ။ ။ သင့်ဆရာဝန်အနေနဲ့ သင့်ကိုအရည်အချင်းပြည့်ဝတဲ့ ဆရာဆီလမ်းညွှန်ပေးမှာဖြစ်ပြီး အဆိုပါဆရာအနေနဲ့သင့်ကြွက်သားတွေသန်မာလာပြီး ကိုယ်နေဟန်ထား တိုးတက်မှန်ကန်လာစေဖို့လေ့ကျင့်ခန်းတွေကို သင်ကြားပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

• လှုပ်ရှားမှုကို ပိုမိုအဆင်ပြေအောင်လေ့ကျင့်ပေးတာ၊ နှိပ်နယ်ပေးတာစတဲ့ ကုသမှုတွေကိုလည်း ကျွမ်းကျင်သူတွေအကူအညီနဲ့ဆောင်ရွက်နိုင်ပါတယ်။

• အပ်စိုက်ခြင်း ။ ။ခန္ဓာကိုယ်ရဲ့နေရာအနှံ့အပြားကို အပ်အသေးလေးတွေနဲ့စိုက်ပြီးကုသခြင်းဟာလည်း နောက်ကျောနာကျင်မှုကို သက်သာစေနိုင်တယ်ဆိုတာသိရှိခဲ့ကြပြီး ဖြစ်ပါတယ်။

• လျှပ်စစ်ဓာတ်အသုံးပြုပြီး ကုသခြင်း။ ။အာရုံငါးပါးခံစားမှုကို ထိန်းချုပ်ထားတဲ့အာရုံကြောစနစ်ကို လျှပ်စစ်ဓာတ်ဗို့အားအနည်းငယ်ပေးပြီး ကုသခြင်းဟာလည်း နောက်ကျောနာကျင်ကိုက်ခဲမှုကို သက်သာလျော့ပါးစေနိုင်ပါတယ်။

• အရေပြားအပေါ်ယံလွှာကို အပူဓာတ်သို့မဟုတ်အအေးဓာတ်ပေးပြီး ကုသခြင်း ။ ။ရေခဲကပ်တာ၊ ရေနွေးကပ်တာ၊ diathermyလို့ခေါ်တဲ့ အပူဓာတ်ပေးပြီး ကုသတာစတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

• အမူအကျင့်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ။ ။ Cognitive therapy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကို အသုံးပြုပြီး နာကျင်ခြင်းသက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

• လေ့ကျင့်ခန်းလုပ်ခြင်း။ ။လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကိုဆွဲဆန့်ဖြေလျှော့ပေးနိုင်ပြီး သန်မာစေတဲ့အပြင် ယောဂလိုလေ့ကျင့်ခန်းတွေပြုလုပ်ပေးမယ်ဆိုရင် ကိုယ်နေဟန်ထားကိုပါ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို ပိုဆိုးလာစေမယ်ဆိုရင်တော့ တချို့လေ့ကျင့်ခန်းတွေကိုရှောင်ကျဉ်တာ ဒါမှမဟုတ် မိမိနဲ့ကိုက်ညီအောင်မွမ်းမံတာမျိုး လုပ်ပေးရပါမယ်။

ခွဲစိတ်ကုသခြင်းများ

အထက်မှာဖော်ပြခဲ့တဲ့ ကုသမှုနည်းလမ်းတွေနဲ့မသက်သာတာ ဒါမှမဟုတ် ပိုဆိုးလာတာမျိုးတွေအတွက် ခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်လေ့ရှိတဲ့ ခွဲစိတ်မှုနှစ်မျိုးကတော့

• ကျောရိုးဆစ်ကြား အချပ်ပြားဖယ်ထုတ်ခြင်း ။ ။အနီးတဝိုက်ရှိ အာရုံကြောတွေကိုဖိနေတာကနေ သက်သာရာရစေဖို့အတွက် ကျောရိုးဆစ်နှစ်ခုအကြားထဲက အဆစ်ခွေအချပ်ပြားရဲ့တစိတ်တပိုင်းကို ဖြတ်ထုတ်ရပါမယ်။

• ကျောရိုးဆစ်ဖြတ်ထုတ်ခြင်း ။ ။ ပင်မကျောရိုးကြီးတည်ငြိမ်မှုရရှိပြီး နာကျင်တာတွေကို သက်သာစေဖို့အတွက်နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ကျောရိုးဆစ်တွေကို ဖြတ်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ခွဲစိတ်မှုတွေဟာ ပင်မကျောရိုးကြီးထဲမှာရှိတဲ့ အာရုံကြောတွေအပေါ်ဖိနှိပ်ထားမှုကို ဖယ်ရှားပေးပြီး နာကျင်မှုတွေကိုသက်သာစေတာ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ရာနှုန်းပြည့်အောင်မြင်မှုရှိချင်မှရှိမှာဖြစ်ပြီး အခြားသောဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အဆိုပါခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ပတ်သက်လို့ခွဲစိတ်မှုမပြုလုပ်မီ သင့်ခွဲစိတ်ဆရာဝန်နဲ့သေချာစွာတိုင်ပင်ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။

ခါးနာခြင်းကို ဘယ်လိုကာကွယ်မလဲ။

ကျန်းမာရေးနဲ့သင့်လျော်ညီညွတ်တဲ့နေထိုင်မှုပုံစံအတိုင်း နေထိုင်ခြင်းဟာ အကောင်းဆုံးသောကာကွယ်မှု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ခံနိုင်ရည်နဲ့ခွန်အားကို   မြှင့်တင်ပေးနိုင်ပြီးကြွက်သားတွေကိုလည်း ပိုပြီးထိထိရောက်ရောက်အလုပ်လုပ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို သင့်တော်မျှတတဲ့ပမာဏအတိုင်းအတာထဲမှာပဲ ရှိနေအောင်ထိန်းထားဖို့ကလည်း အရေးကြီးပါတယ်။ အဝလွန်ခြင်းဟာ နောက်ကျောကြွက်သားတွေကို ဒါဏ်ပိုဖြစ်စေတဲ့အတွက် ခါးနာခြင်းကိုကာကွယ်ဖို့အတွက် သင့်အနေနဲ့အဝလွန်နေပြီလို့ထင်ရင် ကိုယ်အလေးချိန်ချဖို့အမြန်ဆုံးကြိုးစားရပါမယ်။ မူမမှန်တဲ့အနေအထားနဲ့အချိန်ကြာကြာမတ်တပ်ရပ်တာ၊ ထိုင်တာ ဒါမှမဟုတ် အလေးအပင်တွေကိုမကြာခဏ‘မ’တာတွေဟာ   ကျောရိုးကိုဒါဏ်ဖြစ်စေတဲ့အတွက် နောက်ကျောနာကျင်ခြင်းကို ခံစားရစေနိုင်ပါတယ်။ မှန်ကန်သင့်တော်တဲ့ဖိနပ်စီးတာ ဒါမှမဟုတ် အချိန်ကြာကြာထိုင်ရတော့မယ်ဆိုရင် ကျောမှီနဲ့ထိုင်တာ အစရှိတဲ့အချက်လေးတွေကို လိုက်နာကျင့်သုံးပေးရပါမယ်။ ဒီအချက်လေးတွေကိုပေါင်းစပ်လိုက်နာပေးမယ်ဆိုရင်တော့ သင့်အနေနဲ့နဂိုမူလအတိုင်းတဖန်ပြန်ပြီး လှုပ်ရှားသွားလာနိုင်မှာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က သင်ချမှတ်ထားတဲ့အစီအမံအတိုင်း တသွေမတိမ်းလိုက်နာဖို့ပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly