ခါးနာနိုင်ခြေကို ဘာတွေက မြင့်မားစေတာလဲ

ခါးနာနိုင်ခြေကို ဘာတွေက မြင့်မားစေတာလဲ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ခါးနာနေပါသလား။ ဘာတွေကဖြစ်စေတာလဲဆိုတာကော သိပါသလား။ ခါးပိုနာအောင်ဘာတွေက လုပ်နေတာလဲဆိုတာကော သိပါသလား။ အောက်ပါဆောင်းပါးမှာ သင်သိချင်တာတွေ ရှိပါတယ်။

အသက်အရွယ်

ခါးနာခြင်းဟာ အသက်ကြီးတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အသက်ကြီးခြင်းဇီဝဖြစ်စဉ်တွေဟာ ခါးနာခြင်းကို ပိုအားပေးလာပါတယ်။ အသက်၃၀နဲ့အထက်ရှိနေပြီဆိုရင်တော့ ခါးနာနိုင်ခြေများနေပါပြီ။

ကိုယ်လက်လှုပ်ရှားမှုများ

ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းက ခါးနာစေပါတယ်။ အသုံးမပြုတဲ့ ကြွက်သားတွေဟာ အားနည်းလာပြီး ခန္ဓာကိုယ်ကို ကောင်းကောင်းမထောက်ပံ့နိုင်တော့ပါဘူး။ အချိန်တော်တော်ကြာ လှုပ်လှုပ်ရှားရှားမရှိဘဲနေလာရာကနေ ချက်ချင်းကြီး အလွန်အကျွန် ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်ရင် ခါးနာသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ကို သိပ်အလုပ်မပေးတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကိုသာ ဖြည်းဖြည်းသက်သာလုပ်သွားပါ။

အဝလွန်ခြင်း

ကိုယ်အလေးချိန်များနေမယ်၊ အဝလွန်နေမယ်ဆိုရင် သင့်ခါးက အလေးချိန်အမြောက်အများကို သယ်ဆောင်ထားရပါတယ်။ ကိုယ်အလေးချိန်များနေခြင်းက ခါးပေါ်မှာသာမက အဆစ်တွေပေါ်မှာလည်း ဖိအားတွေသက်ရောက်နိုင်ပါတယ်။

အလုပ်အကိုင်

ကုန်း၊ကွ၊ဆွဲ၊တင်၊မ၊ချ စတဲ့ ကျောကိုအလုပ်ပေးရတဲ့အလုပ်တွေ လုပ်နေမယ်ဆိုရင် ခါးနာခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဆန့်ကျင်ဘက်အနေဖြင့် တစ်နေကိုယ်ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ရဘဲ ထိုင်ခုံပေါ်မှာ အေးဆေးထိုင်လုပ်ရတဲ့ အလုပ်ဆိုလျင်လည်း ခါးနာနိုင်ပါသေးတယ်။

အထက်ပါအလုပ်တွေက သင့်ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ခါးကိုထိခိုက်မှုမရှိဘဲ လှုပ်လှုပ်ရှားရှားလုပ်နေရမယ့်အလုပ်မျိုးကို ရှာလုပ်သင့်ပါတယ်။ ဒါမှမဟုတ်လည်း အလုပ်အတွင်းမှာ ခဏနားပြီး အပျော့စားလေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ခါးနာခြင်းကို တိုက်ရိုက်ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ခါးအောက်ပိုင်းနာကျင်ခြင်းနဲ့ စိုင်ရာတစ်အာရုံကြောနာကျင်ခြင်းတို့ ဖြစ်နိုင်ခြေကို   မြင့်မားစေပါတယ်။ ဆေးလိပ်သောက်ခြင်းက ကြွက်သားနှင့်အာရုံကြောများကို ထိခိုက်နိုင်ပါတယ်။

ခါးမှာဒဏ်ဖြစ်ထားမယ်၊ ခွဲစိတ်ထားမယ်ဆိုရင်လည်း ပြန်လည်ကောင်းမွန်ခြင်းအတွက် ဆေးလိပ်ကကောင်းကျိုးပေးမှာမဟုတ်ဘူး။ ပြန်ကောင်းဖို့ ကာလာကြာရှည်သွားပါမယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ခြင်းဖြင့် မိမိကိုယ်ကို ကုသနိုင်ပါတယ်။

အခြားရောဂါများရှိနေခြင်း

ရောဂါတွေရှိနေတဲ့လူတစ်ယောက်ဟာ ရောဂါကင်းစင်နေတဲ့လူထက်တော့ ခါးနာနိုင်ခြေပိုများမှာပါ။ ထိုရောဂါတွေမှာ ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။ အချို့ကင်ဆာတွေဟာ ကျောရိုးကိုပြန့်နှံ့သွားပြီး ခါးနာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ

ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကမ္ဘာဆွဲအားဗဟိုချက် ပြောင်းလဲသွားနိုင်ပါတယ်။ ဟန်ချက်ညီနေစေဖို့ ကိုယ်နေကိုယ်ထားပြောင်းလဲသင့်ပါတယ်။ ကိုယ်နေကိုယ်ဟန်မမှန်ရင် ခါးနာလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာလည်း ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။ မြင့်တက်လာတဲ့ကိုယ်အလေးချိန်က ကျောရိုးမကြီးမှာ သွားပြီးသက်ရောက်ပါတယ်။ ကလေးမွေးဖို့အတွက် တင်ပဆုံရိုးမှာရှိတဲ့ အရွတ်တွေကို ခန္ဓာကိုယ်က လျော့ရဲ့သွားအောင်လုပ်လိုက်ပါတယ်။ ဒါကြောင့် ခါးရဲ့ အထောက်အပံ့တွေ လျော့ကျသွားပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ကိုယ်နေကိုယ်ဟန်မှန်နေဖို့နဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့အရေးကြီးပါတယ်။

ဘာတွေက ခါးနာစေတယ်ဆိုတာ တိတိပပမသိရသေးသော်လည်း ဆက်စပ်မှုရှိတဲ့ အရာတွေကိုတော့ တွေ့ရှိထားပါပြီ။ ခါးနာခြင်းကို ကာကွယ်နိုင်ဖို့အတွက် အထက်ပါအချက်အလက်တွေကို တစ်ချက်လောက်ကြည့်ပေးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly