ဟွန်ဒူးရပ်စ်၌ ဆူပူအုံကြွမှုများနှင့်ဆန္ဒပြမှုများကြောင့် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေသတ်မှတ်

ဟွန်ဒူးရပ်စ်၌ ဆူပူအုံကြွမှုများနှင့်ဆန္ဒပြမှုများကြောင့် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေသတ်မှတ်

တက်ဂူစီဂယ်လ်ပါ၊ ဟွန်ဒူးရပ်စ်၊ ဒီဇင်ဘာ ၃ ။          ။ သမ္မတရွေးကောက်ပွဲ၏ မရိုးသားမှုနှင့်ပက်သက်၍ နိုင်ငံတစ်ဝန်း၌ဖြစ်ပွားနေသော ပြင်းထန်သည့်ဆန္ဒပြမှုများကို ရပ်တန့်သွားအောင်ကြိုးပမ်းသည့်အနေဖြင့် ဟွန်ဒူးရပ်စ်အစိုးရက သောကြာနေ့အနှောင်းပိုင်းကတည်းက နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေဖြစ်ကြေညာခဲ့ပြီး ၁၀ ရက်ခန့် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်းရှိဒေသအများအပြား၌ အတိုက်အခံထောက်ခံသူများနှင့် အထိကရုဏ်းနှိမ်နင်းရဲများ ထိပ်တိုက်တွေ့ ဆုံခဲ့ရာမှ အချင်းများခဲ့ပြီး အချို့ကိုသေနတ်နှင့်ပစ်ခတ်၍ ဖြိုခွင်းခဲ့ရသောကြောင့် အရပ်သား ၁၂ဦးနှင့် ရဲ ၂ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

အတိုက်အခံအဖွဲ့မှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သော ဆယ်လ်ဗေဒေါနက်စ်ရယ်လာက ရွေးကောက်ပွဲ၏ မရိုးသားမှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး သူ၏ထောက်ခံသူများအား လမ်းမများပေါ်သို့ထွက်လာရန် ဆော်သြခဲ့ရာမှ ယခုလို ပြင်းထန်သောဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အခြေခံဥပဒေထဲ၌ ဒုတိယအကြိမ်ပြန်လည်ရွေးကောက်ခံခြင်းမပြုရန် တားမြစ်ထားသော်လည်း လက်ရှိသမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်က သမ္မတရာထူးအား ဒုတိယသက်တမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သူသည် ညနေ၆နာရီမှ မနက်၆နာရီအထိ ညမထွက်ရန်အမိန့်ကို ကိုယ်တိုင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ထောင်ပေါင်းများစွာသော နက်စ်ရယ်လာကိုထောက်ခံသူများသည် နိုင်ငံတစ်ဝန်းရှိ လမ်းမကြီးများကိုပိတ်ဆို့ပြီး မျက်ရည်ယိုဗုံးများနှင့် သူတို့ကိုဖြိုခွင်းရန်ကြိုးပမ်းခဲ့သော ရဲတပ်ဖွဲ့နှင့် အချင်းများမှုများကိုမှတ်တမ်းတင်၍ လူမှု မီဒီယာများပေါ်သို့တင်ခဲ့ကြရာမှ လူအများ၏အာရုံစိုက်မှုကို ရရှိခဲ့ခြင်းဖြစ်သည်။ မြို့တော်တက်ဂူစီဂယ်လ်ပါတွင် လည်း ဆန္ဒပြသူများက မြို့၏ထွက်ပေါက်လမ်းများ၌ ထင်းချောင်းများ၊ တာယာများကိုမီးရှို့၍ မီးပုံကြီးပြုလုပ်ခဲ့ ကြသည်။

ယင်းသို့ထိန်းမနိုင်သိမ်းမနိုင် အခြေအနေများကြောင့် လူအများသည် စူပါမားကတ်များနှင့် ဓာတ်ငွေ့ဆိုင်များသို့ အလျင်အမြန်သွားရောက်ပြီး ရိက္ခာနှင့်လောင်စာများ အချိန်မှီဖြည့်တင်းလျက်ရှိသည်။ နိုင်ငံအတွင်းရှိ စျေးဆိုင် များကို နေ့လည်၌ပင် ပိတ်သိမ်းခဲ့ပြီး မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း နိုင်ငံတကာခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly