နိုင်ဂျီးရီးယား၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ခုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံး

နိုင်ဂျီးရီးယား၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ခုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံး

ကာနို၊ နိုင်ဂျီးရီးယား၊ ဒီဇင်ဘာ ၃၊ ။            ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှ လူစည်ကားသော မနက်ခင်းစျေးထဲ၌ စနေနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃ဦးထက်မနည်းသေဆုံးကာ ၅၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ဘော်နိုပြည်နယ်၏မြို့တော် မိုင်ဒူဂူရီမြို့မှ ၁၁၅ မိုင်ခန့်ကွာဝေးသောအရပ်ရှိ Biu မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဒေသသည် ဘိုကိုဟာရမ်အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ ထကြွသောင်းကျန်းသော နေရာဖြစ်သည်။

“အသေခံဗုံးခွဲသူအမျိုးသမီးနှစ်ဦးဟာ Biu မြို့ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ သူတို့ထဲကတစ်ဦးက IED အမျိုး အစား ဖောက်ခွဲရေးပစ္စည်းကို သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ၀တ်ဆင်ထားပြီးတော့ ပင်မစျေးကြီးထဲကို ၀င်ရောက် လာပြီး ဖောက်ခွဲခဲ့ပါတယ်။ နောက်တစ်ဦးကတော့ စျေးအပြင်ဘက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ” ဟု ဒေသခံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် လူ၁၃ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သေဆုံးသူအရေအတွက် ၁၈ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြောခဲ့သည်။

တိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့ကမှ ၄င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အဘူဘာကာရှီခူဦးဆောင်သည့် ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့သည် အမျိုးသမီးများနှင့် ဆယ်ကျော်သက်များ ကို အသုံးချကာ အသေခံဗုံးခွဲတိုက်ခိုက်မှုများကို ကျူးလွန်လေ့ရှိသည်။

Biu မြို့အနီးရှိ ကျေးရွာများသည် ဘိုကိုဟာရမ်အဖွဲ့၏ အသေခံဗုံးခွဲတိုက်ခိုက်မှုများကို ပြီးခဲ့သော ၈နှစ်အတွင်း အများဆုံးရင်ဆုံးခဲ့ရပြီး လွန်ခဲ့သော ၂၀၁၅ခုနှစ် သြဂုတ်လကလည်း အသေခံဗုံးခွဲသမားတစ်ဦး၏ လက်ချက် ကြောင့် လူ ၅၀ထက်မနည်း သေဆုံးခဲ့ရဖူးသည်။

နိုင်ဂျီးရီးယားစစ်တပ်က ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရာတွင် တိုးတက်မှုများရှိနေသော်လည်း ယင်းအကြမ်းဖက် အဖွဲ့သည် နိုင်ငံအနှံ့အပြား၌ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။

လွန်ခဲ့သော ၂၀၀၉ ခုနှစ်ကတည်းက နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ဘိုကိုဟာရမ် အကြမ်း ဖက်သမားများ၏ ထကြွမှုကြောင့် အနည်းဆုံးလူပေါင်း ၂သောင်းခန့် သေဆုံးခဲ့ရပြီး ၂.၆သန်းကျော်ခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly