မုံရွာတွင် သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ဖြစ်သူအား ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်

မုံရွာတွင် သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ဖြစ်သူအား ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်
ဓာတ်ပုံ-ဝီကီပီးဒီယား

 

ရန်ကုန်၊ ဒီဇင်ဘာလ ၂ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ ထန်းတောရပ်တွင် သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ဖြစ်သူအား ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်ပြီဖြစ်ကြောင်း မိန်းကလေး ငယ်ဘက်မှ ရှေ့နေငှားရမ်း ကူညီပေးခဲ့သည့် Justice House အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဇော်သူရိန်ထွန်းက ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

အဆိုပါ အသက် ၁၃ နှစ်အရွယ် သမီးအရင်းဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သူ အသက် ၃၇ နှစ်အရွယ် ဖခင် ဖြစ်သူကို ခရိုင်တရားကြီးက  ပြစ်မှုထင်ရှားသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင်  ထောင်ဒဏ် အနှစ် ၂ဝ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို မုံရွာခရိုင်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ အရ ပြီးခဲ့သော ဇွန်လ ၁၆ ရက်နေ့မှ စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၅ လကျော်ကာလထိ စစ်ဆေးချက်အရ ပြစ်မှုထင်ရှားသဖြင့်  အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

 “ ဒီအမှုဖြစ်ပွားတာတော့ ကြာပြီဗျ။ တစ်ညကြတော့ ကလေးမလေးက မခံနိုင်လို့ ထွက်ပြေးတာ။ ထွက်ပြေး တော့မှ ဘေးအိမ်ရောက်သွားတာပေါ့။ ဘေးအိမ်က အကိုကြီးကပဲ ကလေးမလေးကို ခေါ်ထားပြီးတော့ နောက် ရက်ကျမှ ရဲစခန်းကို အမှုသွားဖွင့်တယ်။ အမှုဖွင့်တော့မှပဲ ရဲက သူ့ကိုဖမ်းတယ်။ ဆေးစစ်ချက်တွေယူတယ်။ အခုတော့ တရားရုံးက အနှစ် ၂ဝ အမိန့်ချလိုက် တာပေါ့”ဟု ဦးဇော်သူရိန်ထွန်းက ပြောသည်။

အဆိုပါ ကျူးလွန်သူမှာ လက်ရှိတွင် မိန်းမ နှစ်ယောက်ယူထားပြီး ကျူးလွန်ခံရသော ကလေးငယ်၏ မိခင်ကိုပါ နှိပ်စက်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါမိန်းကလေးငယ်ကို  လူမှုဝန်ထမ်းဦးစီးဌာနမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly