အဖွားအိုတစ်ယောက်အား ညစ်ညစ်ညမ်းညမ်းဆဲရေးနေသည့် ကြက်တူရွေးကို အိန္ဒိယရဲက ဖမ်းဆီး

အဖွားအိုတစ်ယောက်အား ညစ်ညစ်ညမ်းညမ်းဆဲရေးနေသည့် ကြက်တူရွေးကို အိန္ဒိယရဲက ဖမ်းဆီး
အဖွားအိုတစ်ယောက်အား ညစ်ညစ်ညမ်းညမ်း ဆဲရေးနေသည့် ကြက်တူရွေး...သတင်းပုံ။ ဓာတ်ပုံ - ယူပီအိုင်။

ရာဇူရာ၊ အိန္ဒိယ၊ သြဂုတ်-၁၉ ။        ။ အဖွားအိုတစ်ယောက်ကို ညစ်ညစ်ညမ်းညမ်း တိုင်းထွာဆဲရေးမှု စွဲချက်များဖြင့် အိန္ဒိယရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ကြက်တူရွေးတစ်ကောင်မှာ ရဲစခန်းသို့ရောက်၍ ရဲက စစ်ကြောမေးမြန်းသည့်အခါတွင်မူ ရေငုံနှုတ်ပိတ်နေနေသည်ဟု ယူပီအိုင်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ချန်ဒရာပူရ ခရိုင်ရဲ၏ ပြောကြားချက်အရ အသက် ၈၅နှစ်ရှိပြီဖြစ်သည့် အဖွားအို ဇာနာဘိုင် ဆာခါကာက ကြက်တူရွေးပိုင်ရှင် သူမလင်ပါသားဖြစ်သူ၏ အိမ်ကို ဖြတ်သွားသည့်အခါတိုင်း ကြက်တူရွေးက သူမကို မကြားဝံ့မနာသာ တိုင်းထွာဆဲရေးသည်ဟု စစ်ဆေးရေးမှူးများကို တိုင်ကြားလာသောကြောင့် ဟာရီယယ်အမည်ရှိသည့် ကြက်တူရွေးကို ရာဇူရာ မဟာရပ်ရှထရ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားခဲ့ရသည်ဟု ဆိုသည်။

မိသားစုဝင်များနှင့် သူမကြား မြေယာအငြင်းပွားနေသောကြောင့် သူမ၏လင်ပါသားဖြစ်သူ ဆူရက်က ကြက်တူရွေးကို သူမကိုမြင်တိုင်း ညစ်ညစ်ညမ်းညမ်းဆဲရေး တတ်အောင်လေ့ကျင့် သင်ကြားပေးထား သည်ဟု ယုံကြည်ကြောင်း အဖွားအို ဆာခါကာက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

သို့ရာတွင် မောင်ရွှေဂဲဟာရီယယ်မှာ ရဲမင်းများရှေ့မှောက်တွင် အဖွားအိုဆာခါကာကို မြင်သော်လည်း တစ်ခွန်းတစ်ပါဒမျှ ဖွင့်ဟခြင်းမရှိဟု ရဲက ပြောကြားခဲ့သည်။

‘အဖွားအိုနဲ့ သူ့လင်ပါသားကြားမှာ မြေပိုဆိုင်မှု အငြင်းပွားနေကြတယ်။ ကျွန်တော်တို့ ကြက်တူရွေးကို သေချာစောင့်ကြည့်ခဲ့ပေမယ့်လည်း အဖွားအိုနဲ့ မျက်နှာချင်းဆိုင်တွေ့နေတာတောင်မှပဲ မောင်ရွှေဂဲက တစ်ခွန်းမှ မဟဘူး’’ဟု ရဲစစ်ဆေးရေးမှူး ပီအက်စ် ဒွန်ဂရီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရဲက ကြက်တူရွေးကို ပိုင်ရှင်ထံ ပြန်ပို့မည့်အစား အကျင့်ကောင်းများကို ပြန်လည်ပျိုးထောင်ပေးရန် သစ်တောဌာနသို့ အပ်နှံမွေးမြူစေရန် ဆုံးဖြတ်လိုက်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly