နိုင်ငံပိုင်အလုပ်ဌာနများမှ အလုပ်သမားများအား နှလုံးခွဲစိတ်ခြင်းအပါအဝင် အကျိုးခံစားခွင့်ငွေ ပေးအပ်

နိုင်ငံပိုင်အလုပ်ဌာနများမှ အလုပ်သမားများအား နှလုံးခွဲစိတ်ခြင်းအပါအဝင် အကျိုးခံစားခွင့်ငွေ ပေးအပ်

 

ဒီဇင်ဘာလ ၂ ။                 ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ယနေ့ ဒီဇင်ဘာ ၂ရက်နေ့ နံနက်ပိုင်းက လူမှုဖူလုံရေးရုံးခွဲများတွင် အကျိုးဝင် မှတ်ပုံတင်ထားသော နိင်ငံပိုင်အလုပ်ဌာနများမှ အာမခံအလုပ်သမား အလုပ်သမား(၄)ဦး၏ အလုပ်တွင် ထိခိုက်မှုအာမခံအကျိုးခံစားခွင့် အဖြစ် အမြဲတမ်း မသန်းစွမ်းမှုဖြစ်သူများနှင့် ကျန်ရစ်မိသားစုများအား အကျိုးခံစားခွင့် ငွေလုံးငွေရင်း စုစုပေါင်း ကျပ်သိန်း တစ်ရာရှစ်ဆယ့်တစ်သိန်းတစ်သောင်းကျပ် ပေးအပ်ခဲ့သည်။

၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်ဖြင့် အလုပ်ခွင်တွင် ထိခိုက်မှု အာမခံ အကျိုးခံစားခွင့်ဥပဒေအရ ယခုလို ပေးအပ်ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားအင်အားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်အရ နှလုံးခွဲစိပ်ကုသမှု ခံယူခဲ့သည့် မကွေးတိုင်းလျှပ်စစ် ဌာနမှ ဦးမျိုးဇော်၏ ဆေးကုသမှုအတွက် ကုန်ကျငွေ သိန်း(၂၀)ကျပ်၊ မန်းရေနံမြေ အလုပ်ခွင်တွင် ခါးရိုးကျိုးကာ အမြဲမသန်စွမ်းဖြစ်သွားခဲ့သည့် ဦးဇော်ဝင်းအား ကျပ်(၄၈)သိန်း၊ ရေနံဓါတုဗေဒစက်ရုံ သံပုရာကန် အလုပ်ခွင်တွင် သေဆုံးခဲ့သည့် ဦးမြင့်သန်း၏ ကျန်ရစ်ခဲ့သည့် မိသားစုအား ကျပ်(၅၄)သိန်း၊ မင်းဘူးမြို့ ရေနံဓါတ်ငွေစက်ရုံမှ လုံခြံုရေး တာဝန်ထမ်းဆောင်စဉ် မြွေကိုက်ခံရပြီး သေဆုံးခဲ့သည့် ဦးသန်းမောင်၏ ကျန်ရစ်ခဲ့သည့် မိသားစုအား ကျပ်( ၅၈ သိန်း၅သောင်း)စုစုပေါင်း ကျပ်ငွေ တစ်ရာရှစ်ဆယ့်တစ်သိန်း တစ်သောင်း ကျပ် ပေးအပ်ခဲ့သည်။

“ ဒီနေ့ အကျိုးခံစားခွင့်ပေးတာက အလုပ်ခွင်မှာ ယာယီမသန်စွမ်းဖြစ်မှု၊အမြဲမသန်စွမ်းဖြစ်မှု ၊ အလုပ်ခွင် ထိခိုက်မှုအရ သေဆုံးသွားတဲ့ လုပ်သား နှစ်ဦးအတွက် စုစုပေါင်း ကျပ် (၁၈၁သိန်း၁သောင်း)ကို တိုင်းလူမှုဖူလုံရေး က တာဝန်ခံတွေ၊သက်ဆိုင်ရာရေနံနဲ့ဓါတ်ငွေစက်ရုံက မန်နေဂျာတွေ၊အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်တွေ အားလုံးရဲ့ ရှေ့မှောက်မှာ ကျွန်တော်ဦးဆောင်ပြီးတော့ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ သက်ဆိုင်သူတွေကို အလုပ်တွင် ထိခိုက်မှု အာမခံ အကျိုးခံစားခွင့် ပေးအပ်ခဲ့ပါတယ်” ဟု မကွေးတိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly